မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုအဆောက်အအုံ ပြိုကျမှုမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ ဧပြီ ၇ ရက် နေ့လယ်မှာတော့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရုပ်အလောင်း ၁၀ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံ ပြိုကျမှုမှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံက Blue Sky Rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဧပြီ ၇ ရက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်စဉ် အမျိုးသမီး ၈ ယောက်နဲ့ ကလေးငယ် ၂ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီကနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မနက်ပိုင်း ရှာဖွေကယ်ဆယ်ရေးမှာ အမျိုးသမီးအလောင်း ၆ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး နေ့လယ် ၁၂ နာရီနောက်ပိုင်း ဆက်လက်ရှာဖွေရာမှာတော့ အမျိုးသား (ကလေး) တယောက်၊ အမျိုးသမီး (ကလေး) တယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒို ပြိုကျမှုကနေ ဒီကနေ့ ဧပြီ ၇ ရက် နေ့လယ်အထိ သေဆုံးသူ ၆၀ ကျော်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄,၃၂၅ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိကြောင်း DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။