DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ခွင့်ပြုချက်မရသေးသဖြင့် ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်ကြုံနေ
DVB
·
April 6, 2025
စစ်ကောင်စီ ခွင့်ပြုချက်မရသေးသဖြင့် ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်ကြုံနေ
Donate to DVB

ငလျင်ဒဏ်သင့် ဒေသတွေမှာ ကူညီကယ်ဆယ်ရေးသမားတွေက မြန်မာနေရာအနှံ့ကနေ ရောက်ရှိလာပြီး အကြောင်းကြား သတင်းပို့ထားပေမဲ့ စစ်ကောင်စီရဲ့ ခွင့်ပြုမိန့် မရသေးတာကြောင့် ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးတဲ့အဖွဲ့တွေ ရှိတယ်လို့ မန္တလေးနဲ့ စစ်ကိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေက မြေပြင်ကူညီကယ်ဆယ်ရေးတွေအားလုံး ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာ ခွင့်ပြုပေးနိုင်မယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက ဧပြီ ၅ ရက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငလျင်တုံ့ပြန်ရေး အစည်းအဝေးပွဲမှာ ပြောခဲ့တာပါ။

မန္တလေးနဲ့ စစ်ကိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အသင်းတခုရဲ့ တာဝန်ရှိသူက “ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရောက်ပြီဆိုရင် တိုင်းအစိုးရကို သတင်းပို့ရတယ်။ အဖွဲ့ရောက်ပြီး equipment တွေ ဘယ်လောက် ပါတယ်၊ လူအင်အား ဘယ်လောက်ပါတယ်၊ အဲဒါပြီးမှ သူတို့က လုပ်ကွက်ချပေးတာ၊ သူတို့ လွှတ်တဲ့နေရာကို သွားရတာပေါ့။ ဒါပေမဲ့ အဲဒီလို လွှတ်တဲ့ နေရာဆိုတာကလည်း ခက်တယ်၊ တော်တော်လေး ခက်တယ်။ Approve က တော်ရုံမကျဘူး၊ လုပ်ကွက်တွေကိုဗျာ တခါတည်း မထည့်ပေးလိုက်ဘူး၊ သူတို့က အချိန်ဆွဲထားတာတွေတော့ ရှိတယ်။ ကျနော်တို့လည်း လုပ်ရကိုင်ရတာတွေ တော်တော်လေး ခက်တယ်၊ ကယ်ဆယ်ရေးသမားတွေ ရောက်နေပြီးတော့ ဘာမှ မလုပ်ရဘဲ ငုတ်တုတ်ထိုင်နေရတဲ့သူတွေ အများကြီးပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်ပြီး ၉ ရက်အကြာမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ စတင်နေပြီဖြစ်ပေမဲ့ အာဏာပိုင်တွေရဲ့ ဘယ်လိုထောက်ပံ့ပေးမှုမျိုးမှ မရှိတဲ့အတွက် ကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ရာမှာ အခက်အခဲတွေ အများကြီးရှိနေကြာင်း ဆက်ပြောပါတယ်၊

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က အိန္ဒိယနိုင်ငံကို ပြန်သွားတဲ့ အလွတ်တန်းကယ်ဆယ်ရေးသမား တယောက်ဖြစ်တဲ့ ကီရန်ဗာမာကလည်း မြေပြင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံမှုတွေအကြောင်း ပြန်ပြောပြပါတယ်။ 

“ရဲတယောက်က ကျနော့်ကို လာနှိုးတယ်။ သူ့ကြည့်ရတာ စိတ်တိုနေသလိုပဲ၊ အသံကလည်း မာတယ်။ သူက ကျနော့်ကို ယာယီတဲတခုဆီ ခေါ်သွားတယ်။ ပြီးတော့ ကျနော့်ပတ်စ်ပို့ကို ယူပြီး မိတ္တူဆွဲတယ်။ ကျနော် အဲဒီမှာ ၁၅ မိနစ်လောက်ကြာအောင် စောင့်နေရတယ်။ ပြီးတော့ ကျနော့် ဘတ်စ်ကားဆီ ပြန်သွားခိုင်းတယ်။ သူတို့ ကျနော့်ကို ဘာမှတော့မလုပ်ပါဘူး။ ဒါပေမဲ့ သေနတ်ကိုင်ထားတော့ ကျနော်လည်း ကြောက်တာပေါ့။ ဒါက နေပြည်တော်မှာ ကြုံခဲ့ရတာပါ။ ပြီးတော့ ကျနော့်ဘေးနားမှာ ထိုင်နေတဲ့ အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ကောင်လေးတယောက်က အော်ပြီး ပြောတယ် “မင်းဖုန်း ကိုမထုတ်နဲ့။ သူတို့က မင်းကို သေနတ်နဲ့ပစ်လိမ့်မယ်” တဲ့။ ဖုန်းကို ကျနော် လက်ထဲမှာ ကိုင်ရုံကိုင်ထားတာပါ။ ဓာတ်ပုံရိုက်နေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကောင်လေးကို ကြည့်ရတာ စစ်သားတွေနဲ့ ရဲတွေကို အရမ်းကြောက်နေပုံပဲ။ အဲဒီတော့ ကျနော်လည်း ကြောက်လာတာပေါ့။ အဲဒါနဲ့ ကျနော်လည်း အဲဒီနေ့ညမှာပဲ ကျနော် ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။”

ကမ္ဘာ့နိုင်ငံပေါင်း ၂၆ ခုကနေ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ၊ ကျန်းမာရေးစင်တာတွေနဲ့ ပြန်လည်ထူထောင်ရေး ပံ့ပိုးမှုတွေနဲ့ တနိုင်ငံလုံးက ကူညီကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိ နေပမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ငလျင်ဒဏ်သင့် ဒေသတွေမှာ ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတွေ မလုပ်ဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

ဧပြီ ၆ ရက် ဒီနေ့ နေ့လယ် ၁ နာရီအချိန်ထိ ငလျင်ကြောင့် သေဆုံးသူ ၄၂၁၂ ယောက် ရှိလာပြီလို့ DVB  ဒေတာတွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013