DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေး အချိန်ထပ်တိုးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော 
DVB
·
April 6, 2025
အပစ်အခတ်ရပ်စဲရေး အချိန်ထပ်တိုးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော 
Donate to DVB

မြန်မာစစ်ကောင်စီအနေနဲ့ လက်ရှိကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကာလထက် ပိုပြီး အချိန်ထပ်တိုးဖို့ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် မလေးရှားနိုင်ငံက မျှော်လင့်ကြောင်းနဲ့ ဒါမှသာ ငလျင်ဘေး အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေ ဆက်လုပ်နိုင်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားသတင်းမှာ ဖော်ပြပါတယ်။

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ကို မလေးရှားနဲ့ အာဆီယံက ကြိုဆိုတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ်ဟာဆန်က ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ရေရှည် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေမှု၊ မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ရေးတို့အတွက် အပစ်ရပ်ကာလကို ထပ်တိုးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဝန်ကြီး  မိုဟာမက်ဒ်ဟာဆန်က “အပစ်ရပ် ကြေညာချက်ကြောင့် ကျနော်တို့ အရမ်းဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို အကျပ်အတည်း အခြေအနေမှာ ဒီနိုင်ငံ (မြန်မာ) ဟာ ကြီးမားတဲ့ကပ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့်ပါ။ ပဋိပက္ခတွေအားလုံး ဆက်မဖြစ်ဖို့ပါ။ အရေးအကြီးဆုံးအရာကတော့ မြန်မာပြည်သူတွေ ဘယ်လိုကယ်တင်၊ ဘယ်လို အကူအညီ အထောက်အပံ့တွေ ရနိုင်မလဲ ဆိုတာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအဖွဲ့တွေက တဖက်သတ် အပစ်ရပ်ကြေညာပြီးမှ စစ်ကောင်စီဘက်ကလည်း ဧပြီ ၂၂ ရက်ထိ အပစ်ရပ် ကြေညာခဲ့တာပါ။

မြေပြင်မှာတော့ စစ်ကောင်စီဟာ ငလျင်လှုပ်ခတ်ပြီးနောက်မှာလည်း ငလျင်ဘေးဒေသတွေ အပါအဝင် နိုင်ငံဒေသအနှံ့မှာ ဗုံးကြဲမှုတွေ၊ စစ်ကြောင်းထိုး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဖြစ်ပြီး စစ်ခေါင်းဆောင် ဘန်ကောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး မသွားခင်မှာ အပစ်ရပ် ကြေညာခဲ့ပေမဲ့ မြေပြင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကတော့ မရပ်မနား ဆက်လုပ်နေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ကလည်း စစ်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ငလျင်ဘေးသင့် အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အသက်ကယ် အကူအညီတွေ ပေးပို့ရေး အာရုံစိုက် လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ငလျင်ဘေးကြုံနေရတဲ့ မြန်မာနိုင်ငံကို သွားရောက်နေပြီး အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ပူးတွဲ ခေါင်းဆောင်သူအဖြစ် ဆောင်ရွက်နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာရောက်ရှိပြီး ငလျင်ဘေး ကူညီထောက်ပံပေးနေတဲ့ မလေးရှားနဲ့ အာဆီယံနိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေ၊ အကူအညီ အထောက်အပံ့တွေ အသေအချာ ပေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးကာလ ထပ်တိုးဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်လို့ မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့အရာတွေ့ရင် တခြား အာဆီယံမိတ်ဖက်နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံမှာ ရောက်ရှိနေတာကို ပြန်သုံးသပ်ဖို့ ပြောဆိုဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့လည်း မလေးရှားဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အခုလို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုက်ညီတဲ့ ပိုမိုကျယ်ပြန့်တဲ့ အပစ်ရပ်စဲရေး ဖြစ်လာဖို့နဲ့ မြန်မာပြည်က သက်ဆိုင်သူတွေကြားမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ ကနဦးခြေလှမ်း ဖြစ်ဖို့လည်း မလေးရှားဝန်ကြီးက ထပ်လောင်း အကြံပြုပါတယ်။

မလေးရှားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ရော စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာငလျင်ဘေးသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေမှာ လတ်တလော ချက်ချင်းလိုအပ်တဲ့ အကူအညီတွေကိုရော ရှေရှည်အထောက်အပံ့တွေပါ ထိထိရောက်ရောက် ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အဖွဲ့ဝင် ၅၀ ပါ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားသလို မလေးရှားရင်းဂစ်ငွေ ၁၀ သန်းနဲ့ လူသားချင်းစာနာမှု အကူအညီ ၁၅ တန် ပေးပို့ကူညီထားတယ်လို့လည်း သိရပါတယ်။

Source : Bernama

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013