DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးသင့်ဒေသ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ မြေပြင်စစ်ကြောင်းထိုး 
DVB
·
April 4, 2025
ငလျင်ဘေးသင့်ဒေသ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ မြေပြင်စစ်ကြောင်းထိုး 
Donate to DVB

စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ မိတ္ထီလာ ရှမ်းတဲ၊ မကွေးလေတပ်၊ နမခလေတပ်တို့ကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေပါတယ်။

စစ်ကောင်စီက ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီရေးအတွက် ယာယီအပစ်ရပ်စဲကြောင်း မတ် ၂ ရက်မှာ ကြေညာခဲ့ပေမဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့က ဒေသတချို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတာပါ။

ဧပြီ ၃ ရက်နေ့မှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မြေပြင်စစ်ကြောင်းထိုးတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း မြို့နယ်တချို့မှာတော့ လေကြောင်းတိုက်ခိုက်တာ၊ ပါရာမော်တာနဲ့ လှည့်လည်ခြိမ်းခြောက်တာတွေ ဆက်လက် ပြုလုပ်နေတယ်လို့ မန္တလေးဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ္တရာ PDF မှ ဦးတိုးက “ဘယ်တွေချနေတာလဲဆိုတော့ ခုနကတော့ စဉ့်ကူးမြို့နယ်ထဲ လေကြောင်းချသွားသေးတယ်။ ဖုန်းက ဆက်မရသေးဘူး၊ လေကြောင်းချသွားတဲ့သတင်းပဲ ရလိုက်သေးတယ်၊ နောက်ဆက်တွဲကို ဘာမှမသိရသေးဘူး။ ရှမ်းတဲက တက်နေတယ်၊ တံတားဦးကတော့ ပိတ်ထားပြီ၊ တံတားဦးလေယာဉ်ကွင်းက ငလျင်ထိသွားတယ်၊ မိတ္ထီလာ ရှမ်းတဲက ပုံမှန်တက်နေတယ်။ အခုတက်နေတာ မကွေးလေတပ်နဲ့ မိတ္ထီလာလေတပ်နဲ့ တက်နေတာ၊ နောင်ချိုသွားတာလည်း ရှိတယ်၊ ဖလမ်းဘက်သွားတာလည်း ရှိတယ်၊ နောက် ချောင်းဦးနယ်ဘက် သွားတာလည်း တွေ့တယ်။ နမခက ပါရာမော်တာနဲ့ မုံရွာ-ချောင်းဦးဘက် သွားတာရှိတယ်၊ ဂျက်ဖိုက်တာသွားတာရှိတယ်၊ ဖလမ်းဘက်သွားတာရှိတယ်၊ နောက်ပြီးတော့ ဗန်းမော်ဘက် တက်တာရှိတယ်။ နောင်ချိုဘက် သွားတာရှိတယ်။ နောင်ချိုဘက်က နည်းပါတယ်။ အဓိကက ဖလမ်းနဲ့ ဗန်းမော် များနေတာပဲ၊ နောက် ပဲခူးတိုင်းထဲ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ အဲဒီဘက် သွားနေတာရှိတယ်။ အဲဒါလေးတွေတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို ဧပြီ ၁ ရက်ကနေ ၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဆားလင်းကြီးမြို့နယ်မှာတော့ ဝမ်ပေါင် ကြေးနီစီမံကိန်းကို ကာကွယ်ဖို့အတွက် မြေပြင်စစ်ကြောင်းထိုးတာ၊ ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဉာဏ်က “စစ်ကောင်စီက အပစ်အခတ်ရပ်တယ် ဘာညာ ကြေညာတယ်ဆိုတာ သူတို့ကတော့ လီဆယ် လှည့်ဖျားသွားတာပေါ့ဗျာ။ ၁ ရက်နေ့မှာ ကနီမြို့နယ် ယာကြီးမှာ ပါရာမော်တာ တကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်။ ၃ ရက်နေ့မှာဆိုလည်း နတ်ကြီး၊ မုဌော၊ တောင်ပြောက်မှာ ၆ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်။ ဖြည့်စွက်ပြောရမယ် ဆိုရင်တော့ စကစက ဗျူဟာသုံးတာပေါ့ဗျာ။ သူတို့ကျတော့ ပြင်ဆင်မှုတွေလုပ်တယ်၊ တိုက်ခိုက်မှုတွေလုပ်တယ်။ အပစ်အခတ်ရပ်စဲတယ်ဆိုပြီး လီဆယ်နေတာပေ့ါဗျာ။ လက်ရှိမှာဆိုရင် ဆားလင်းကြီးမှာ တိမ်းရှောင်နေရတာပေါ့၊ သူတို့ အင်အားအလုံးအရင်း ထိုးလာတဲ့အတွက်၊ စစ်ကောင်စီကတော့ ဒီမူအတိုင်းပဲ သွားမှာပါပဲဗျ” လို့ ပြောပါတယ်။

မတ် ၂၈ ရက်ကနေ ဧပြီ ၃ ရက်အထိ ၇ ရက်အတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၈ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဇုန်ထဲက မကွေးတိုင်းဘက်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိပေမဲ့ စစ်ကောင်စီက ပါရာမော်တာနဲ့ ကင်းလှည့်တာတွေ ဆက်လက်ပြုလုပ်နေပါတယ်။

အညာမြေတပ်ပေါင်းစု-မကွေး မှ ကိုဘိုဘိုသန့်ဇင်က “အပစ်ရပ်တယ်လို့တော့ ကျနော်တို့ဘက်က အရင်ကြေညာခဲ့တာပေါ့လေ။ ကျနော်တို့ဘက်က ထိုးစစ်ဆင်တာတွေ မလုပ်ဘူး၊ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ ပြန်ပြီးတော့ တုံ့ပြန်မယ် ဆိုတာမျိုးတွေတော့ ကြေညာထားတာပေ့ါ။ သူတို့ဘက်က အပစ်ရပ်တယ်လို့ ကြေညာပြီး နောက်မှာတော့ မြေပြင်စစ်ကြောင်းတွေတော့ အခုဖြေကြားနေတဲ့ အချိန်အထိ လာတာ မတွေ့ရသေးဘူး။ ကျနော်တို့ဘက်ကို ပြောတာပေ့ါနော်၊ ဒါပေမဲ့ ဝေဟင်ကတော့ ပါရာမော်တာတို့၊ MI17 တို့ MI35 တို့ကတော့ အမြဲတမ်းလာနေတယ်။ ပစ်ချတာမျိုးတော့ အခုဖြေကြားနေတဲ့အထိတော့ မကြုံရသေးဘူး။ သူတို့ဘက်က အပစ်ရပ်တယ် ဆိုတာတော့ သူတို့ရဲ့အကျိုးတခုနဲ့ ခဏ အခိုက်အတန့်လို့ ကျနော်ထင်တာပေါ့။ ရှေ့ဆက်ဆိုရင်တော့ ဒီ ဧပြီလလယ်လောက် သင်္ကြန်ရက်လောက်ဆိုရင် ကျနော်တို့ဒေသတွေကို လုပ်ရိုးလုပ်စဉ်အတိုင်းတွေ ပြန်လုပ်လာလိမ့်မယ်လို့ ထင်တယ်။ အဲဒီအတွက်လည်း ကျနော်တို့မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရတာပေါ့” လို့ ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မတ် ၃၀ ရက်ကနေ အချိန် ၂ ပတ်တိတိ ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက် ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီက ထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ ဘင်းစတက် အစည်းအဝေးမတိုင်ခင် ဧပြီ ၂ ရက်နေ့ ညမှာ ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ဒီထုတ်ပြန်ချက်ဟာ အစည်းအဝေးမှာ နိုင်ငံတကာ ခေါင်းဆောင်တွေကို လှည့်ဖြားပြောဆိုနိုင်ဖို့ ရည်ရွယ်ချက်သာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013