DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို BIMSTEC အစည်းအဝေးဖိတ်သည့်အပေါ်  ထိုင်းလွှတ်တော်၌ မေးခွန်းထုတ် 
DVB
·
April 4, 2025
စစ်အာဏာရှင်ကို BIMSTEC အစည်းအဝေးဖိတ်သည့်အပေါ်  ထိုင်းလွှတ်တော်၌ မေးခွန်းထုတ် 
1 / 4
Donate to DVB

နိုင်ငံတကာက ဖယ်ကြဉ်ထားတဲ့ စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက အရေးတယူနဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူး ပေါင်းဆောင်ရွက်ရေး  (BIMSTEC) အစည်းအဝေးတက်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ်  ထိုင်းလွှတ်တော် အမတ်က မေးခွန်းထုတ်ခဲ့သလို  နိုင်ငံ‌ရေးလေ့လာသူတွေကလည်း ဝေဖန်သတိပေးခဲ့ပါတယ်။

ဧပြီ ၃ ရက် ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးမှာ Fare Party လွှတ်တော်အမတ် နိုင်းကန်နဝီ ဆိပ်ဆဲန်က “ထိုင်းနိုင်ငံရဲ့   ခုတခါ သံတမန်‌ရေးရာမူဝါဒဟာ နိုင်ငံတကာပလက်ဖောင်းမှာ ထိရှလွယ် တယ်လို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆို  နိုင်ငံတကာမှာ  မြန်မာအာဏာသိမ်းစစ်တပ်ကို လက် မခံဘဲ ပိတ်ဆို့ဒဏ်ခတ်အရေးယူလုပ်ထားတာ၊  ဒီလိုအစည်းအဝေးကြီးတွေ ဖိတ်ကြားလေ့မရှိဘူး။ သူသွားလို့ရတာက ရုရှားနဲ့ တရုတ်နိုင်ငံပဲရှိတယ်။ အခုထိုင်းက ဖိတ်ကြားလိုက်တာကြောင့် သူ့ကိုလက်ခံတဲ့ နိုင်ငံထဲမှာ ထိုင်းက တတိယမြောက်နိုင်ငံ ဖြစ်သွားတယ်။ ဒီလိုဆိုရင် ထိုင်းအနေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်တိုက်ခိုက်မှုကို ခံရနိုင်တယ်။ ဥပမာ အမေရိကန်က အခွန်တိုးမြှင့်လိုက် တာတွေပေါ့။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခုလို ဖိတ်ကြားရတဲ့ အကြောင်းရင်းနဲ့  ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာမူဝါဒကို ရှင်းရှင်းလင်းလင်းထုတ်ပြန်စေချင်တယ်” လို့ မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒါ့အပြင်  ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး အမြဲထောက်ရှုဝေဖန်သူ ဘန်ကောက် ထမဆတ် တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးပညာဌာန ပါမောက္ခ ဒေါက်တာ တူလ်ယဖတ် ပရီချားရတ်ကလည်း “ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်အနေနဲ့  မြန်မာစစ်ခေါင်းဆောင်နဲ့ သံတမန်ရေးရာ ဆက်ဆံရေးမှာ ခပ်ခွာခွာပဲနေသင့်တယ်။ ရင်းနှီးမှုကို ပြသရင် နိုင်ငံတကာရဲ့ အမြင်မှာ ထိုင်းနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အထူးအလေးထားတယ်။ လက်ခံတယ်လို့ မြင်သွားနိုင်တယ်” လို့ သနေးရှင်းသတင်းကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြားက မတ်လ ၂၈ ရက်မှာ ကြီးစွာသော သဘာဝေးဘေးဒဏ် မြေငလျင်လှုပ်တာခံခဲ့ရတယ်၊ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားပြီး ထိုင်း၊ တရုတ်၊ လာအို၊ အိန္ဒိယ၊ ဗီယက်နမ်၊ ရှရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား အစရှိတဲ့ နိုင်ငံကကယ်ဆယ်ရေးတွေ စေလွှတ်ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ စစ်ကောင်စီကတော့   တော်လှန်ရေးအုပ်စုတွေကို လေကြောင်းကနေ တိုက်ခိုက်ဗုံးကြဲတာတွေ လုပ်မြဲလုပ်နေတယ်၊ တရုတ်နိုင်ငံက အကူအညီပေးတဲ့ ကြက်ခြေနီယာဉ်တန်းကိုလည်း ပစ်ခတ်ခဲ့သေးတယ်လို့   ထိုင်းသတင်းတွေမှာ ဖော် ပြရှုတ်ချထား ပါတယ်။

BIMSTEC အစည်းအဝေးကျင်းပရာ ဘန်ကောက် ဘန်ရတ်နယ်မြေ ရှန်ဂရီလာ ဟိုတယ်မျက်နှာချင်းဆိုင် တာ့ခ်ဆင်တံတားပေါ်မှာ ဒီကနေ့မနက်က “We Do not welcome Murderer Min Aung Hlaing” လူသတ်သမားမင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ရေးသားထားတဲ့ စာတန်းကို ချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။ 

MTAT - Milk Tea Alliance Thailand အဖွဲ့ကလည်း လူသတ်သမားမင်းအောင်လှိုင် ထိုင်းနိုင်ငံမှ မထွက်ခွာသေးသရွေ့ အနက်ရောင်အင်္ကျီတွေသာ ဝတ်ဆင်ကြဖို့ နှိုးဆော်ထားပါတယ်။ 

Source: Matichon / Nation TV / Prachatai

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013