
မန္တလေးမြို့က ငလျင်ဘေးသင့်သူတွေဟာ ပြင်ဦးလွင်မြို့ဘက်ကို တိမ်းရှောင်နေထိုင်ကြလို့ အိမ်ငှားတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အားလုံးနီးပါးပြည့်နေပြီး ငှားခဈေးနှုန်းတွေလည်း ၃ ဆလောက် မြင့်တက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မန္တလေးမြို့မှာ နေထိုင်ကြသူ အများစုဟာ ငလျင်ဘေးနဲ့ လွတ်ရာ ပြင်ဦးလွင်မြို့ကို အင်အားပြင်း ငလျင်စလှုပ်ခဲ့တဲ့ မတ် ၂၈ ရက် နောက်ပိုင်းကတည်းက ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
ဒါကြောင့် ပြင်ဦးလွင်မြို့မှာရှိတဲ့ ဟိုတယ်တွေ၊ တည်ခိုခန်းတွေနဲ့ အိမ်ငှားတွေ အားလုံးနီးပါးပြည့်နေပြီး ငှားခဈေးနှုန်းဟာလည်း မြင့်တက်သွားတာလို့ ငလျင်တိမ်းရှောင်သူ မန္တလေးမြို့ခံက ပြောပါတယ်။
မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့ဟာ ၄၂ မိုင်သာ ကွာဝေးပါတယ်။ ဒါ့ကြောင့် မန္တလေးမြို့က ငွေကြေးချမ်းသာသူ အများစုဟာ ရာသီဥတုကောင်းပြီး ရှုခင်းလည်းလှတဲ့ ပြင်ဦးလွင်မြို့မှာ ခြံဝယ်ပြီး အိမ်ဆောက်ထားကြတာ များပါတယ်။
အခုလို မန္တလေးမှာ ငလျင်သင့်တော့ ချမ်းသာတဲ့သူတွေဟာ ချမ်းသာတဲ့အလျှောက် ပြင်ဦးလွင်က အိမ်မှာ သွားနေကြတာပါ။ ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေဟာလည်း ပြင်ဦးလွင်က နီးစပ်ရာဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အသိမိတ်ဆွေအိမ်တွေမှာ တည်ခိုနေကြပါတယ်။
ဒါ့ကြောင့် စားသောက်ကုန်ဈေးတက်နေပြီး တချို့စားသောက်ဆိုင်တွေဆို စားသုံးသူများလို့ လောက်ငအောင် မရောင်းနိုင်တော့တဲ့ အခြေအနေဖြစ်တယ်လို့ ပြင်ဦးလွင်မြို့ခံက ဆိုပါတယ်။
ငလျင်ကြောင့် မန္တလေးမြို့မှာ လူအယောက် ၁၂၀၀ ကျော်အပါအဝင် မြန်မာတနိုင်ငံလုံးမှာ လူပေါင်း ၃,၉၁၁ ယောက်သေဆုံးခဲ့တယ်လို့ ဧပြီ ၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ DVB က ကောက်ယူစုဆောင်းထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။