
ငလျင်ကြောင့် မန္တလေးမြို့ရှိ ဦးလှသိန်းဗိမာန် ပြိုကျခဲ့ပြီး ပျောက်ဆုံးနေတဲ့ စာဖြေသံဃာတော်တွေ ရှာဖွေနေရာမှာ ဧပြီ ၃ ရက်က သံဃာအပါး ၃၀ ထက်မနည်းရဲ့ အလောင်းတွေကို အုတ်ကျိုးပုံတွေအောက်က ထုတ်ယူနိုင်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
စာဖြေသံဃာတွေ စာမေးပွဲဖြေနေတုန်း ငလျင်ကြောင့် ကျောင်းဆောင်ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဆောက်အအုံ အပျက်အစီးတွေကြားထဲက ထုတ်ယူထားတဲ့ ရုပ်အလောင်း အပါအဝင် ဆေးရုံပို့ဆောင်ရသူ စုစုပေါင်း ၉၀ ကျော် ရှိပြီလို့လည်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုအောင်စည်သူဝင်းက ပြောပါတယ်။
အဆောက်အအုံပျက်တွေအောက်မှာ သေဆုံးသူ ၂၀၊ ၃၀ ကျန်ရှိမယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းပါတယ်။
ကိုအောင်စည်သူဝင်းက “ရုပ်အလောင်းတွေကို ဆွဲထုတ်ရတဲ့အချိန်မှာ ကျနော် ငိုချင်စိတ်တွေ ဖြစ်မိပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ခေါင်းဆောင်အဖြစ် ဦးဆောင်နေတာကြောင့် အားတင်းထားရပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ဟာ နှစ်ပေါင်း ၁၀၀ အတွင်း မြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့ အင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်ပြီးလူတွေထိခိုက်သေဆုံးမှုများခဲ့သလို အပျက်အစီးတွေလည်း ကြီးမားခဲ့ပါတယ်။
ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၃,၉၀၁ ယောက်၊ ဒဏ်ရာရသူ ၅,၉၇၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၁၉ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၃ ယောက်ရှိပြီလို့ ဧပြီ ၃ ရက် ည ၈ နာရီအထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
Source : Reuters