
အမေရိကန်က ကြားဝင်စေ့စပ်ထားမှုကြောင့် အပစ်အခတ် ဆိုင်းငံ့ထားပေမဲ့ ယူကရိန်းက ရုရှားစွမ်းအင်စက်ရုံတွေကို ရန်စတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဧပြီ ၃ ရက်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။
စွမ်းအင်အဆောက်အအုံတွေကို ပစ်ခတ်မှုရပ်ဆိုင်းကြောင်း သဘောတူညီချက် စတင်ပြီးကတည်းက ယူကရိန်းဟာ အနောက်တိုင်းလက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံနဲ့ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်းရဲ့ နယ်မြေတွေထဲရှိ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှု ၃၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဇာခါရိုဗာက ပြောပါတယ်။
“ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပြီးတော့ တကယ့်ကို ရန်စတဲ့ မသင့်တော်တဲ့ လုပ်ရပ်တွေပါ။”
ယူကရိန်းကလည်း ရုရှားဟာ စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ပြီးတော့ ကိယက်ဗ်ဟာ ရုရှားရဲ့ချိုးဖောက်မှု စွပ်စွဲချက်တွေကို အမေရိကန်ဆီ နေ့စဉ်နေ့တိုင်း အစီရင်ခံနေကြောင်းလည်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက လက်ခံဖို့ ဝါရှင်တန်ဟာ ပြီးခဲ့တဲ့လက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းက စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ် ဆိုရင် သဘောတူညီချက်ကနေ နုတ်ထွက်ခွင့်ရှိကြောင်း ရုရှားက ပြောထားတာ ဖြစ်ပါတယ်။
Source : Reuters










