DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်းတို့ စွမ်းအင်အဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အပြန်အလှန် စွပ်စွဲ
DVB
·
November 1, 2026
Photo: Valentyn Ogirenko/Reuters
Photo: Valentyn Ogirenko/Reuters
Donate to DVB

တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းထားပေမဲ့ ရုရှားနဲ့ ယူကရိန်းတို့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်က အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ 

ရုရှားနိုင်ငံထဲက ရေနံချက်စက်ရုံ ၃ ရုံနဲ့ ဓာတ်ငွေ့-ဓာတုဗေဒ စက်ရုံဝင်းတခုကို ယူကရိန်းဘက်က သောကြာနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က ပြောပါတယ်။

စက်ရုံတရုံ နည်းနည်း ပျက်စီးခဲ့ပေမဲ့ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက မျှော်မှန်းထားတဲ့အတိုင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ 

တိုက်ခိုက်တာတွေ ခဏရပ်သွားပေမဲ့ ခုတော့ ယူကရိန်းဘက်က ရုရှားရေနံချက်စက်ရုံတွေကို ပြန်တိုက်ခိုက်လာပြီး ရုရှားလုပ်ငန်းတွေကလည်း ကာကွယ်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်တာရပ်ဖို့ အမေရိကန်သမ္မတ ထရမ့်ပ်က ထပ်ခါတလဲလဲ တောင်းဆိုထားပေမဲ့ ယူကရိန်းဘက်က မလိုက်နာဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ အကြံပေး ယူရီအူရှာကော့ဗ်က ထောက်ပြပြောဆိုပါတယ်။

နိုဝင်ဘာလမှာ လုပ်ဖို့စီစဉ်ထားတဲ့ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတာတွေကို ဒီတိုက်ခိုက်မှုတွေက အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘဲ ပြင်ဆင်မှုကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ မရှိဘူးလို့ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။

လာမဲ့ဆွေးနွေးပွဲတွေမှာ ရုရှားက ဒီကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ သူက ပြောခဲ့ပါတယ်။ 

အဲဒီနေ့မှာပဲ ရုရှားဟာ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ စွမ်းအင်ကွန်ရက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေကို ဆက်လုပ်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

စွမ်းအင်ကဏ္ဍမှာ တင်းမာမှု လျှော့ချရေးအတွက် ရုရှားဘက်က ဘယ်ခြေလှမ်းမှ မလှမ်းခဲ့လို့ ယူကရိန်းက သင့်လျော်သလို ဆက်တုံ့ပြန်သွားမယ်လို့ ဇလန်းစကီးက ဖြည့်စွက်ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013