DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် ဆောက်လက်စတိုက်ပြိုသည့်နေရာ၌  ပုံရိပ်ဖမ်းစက်မှ အလောင်း ၇၀ ခန့်တွေ့ရှိ  
DVB
·
April 1, 2025
ဘန်ကောက် ဆောက်လက်စတိုက်ပြိုသည့်နေရာ၌  ပုံရိပ်ဖမ်းစက်မှ အလောင်း ၇၀ ခန့်တွေ့ရှိ  
Donate to DVB

မြေငလျင်လှုပ်လို့ ပြိုကျသွားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျဒူးကျတ်နယ်မြေရှိ ဆောက်လက်စ အထပ် ၃၀ မြင့် အဆောက်အဦကြီးမှာ သေဆုံး ပျောက်ဆုံးသူတွေကို ၅ ရက်မြောက်နေ့အဖြစ်  ဆက်လက်ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ငလျင်ဘေးသင့်သူ အသက်ရှင်နေနိုင်မှု ၇၂ နာရီကျော်လွန်သွားပေမဲ့ ရှာဖွေမှုတွေ ရပ်တံ့မှာ မဟုတ်ဘဲ အပျက်အစီးပုံတွေကြား ပိတ်မိနေသူတွေအားလုံးကို ဖော်ထုတ်မယ်လို့  ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဧပြီ ၁ ရက်မှာ အမေရိကန်ကယ်ဆယ်ရေးအဖွဲ့ရဲ့ X-Ray ကိရိယာနဲ့ အပျက်အစီးပုံတွေကို ပုံရိပ်ဖမ်း  Scan ဖတ်ရာမှာ  အထပ် ၁၇ မှ ၂၁ ထိ အလောင်း ၇၀ လောက် တွေ့ရှိခဲ့ပါတယ်။

အဲဒီနေရာတွေဟာ ရုံးခန်းနဲ့ နားနေခန်း၊ ထမင်းစားခန်းတွေဖြစ်ပြီး အလောင်းတွေကို ဆွဲထုတ်ဖို့တော့ အခက်အခဲတွေ ရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ခွန်ဘိင်း ပန်ဆေရစ်က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ အထဲထိဝင်သွားပြီးပြီ၊ သူတို့ရှိတဲ့နေရာကို ရောက်ဖို့တော့ အခက်အခဲရှိပါတယ်။ တိုက်က အထပ်ထပ်ဖြစ်ပြီး နံရံအထူက ၁ မီတာလောက်ရှိတယ်။ ကျနော်တို့ဆီမှာရှိတဲ့ ပစ္စည်းကိရိယာတွေနဲ့ မလုပ်နိုင်ဘူး။ စက်အကြီးတွေကို စောင့်ရမယ်၊ အသက်ရှင်သူ ရှိဦးမလား ဆိုတော့ အလွန်ကြီးတဲ့ ကံတရားရှိရင် တယောက်တလေပေါ့၊ အားလုံးကို ယူထုတ်မှာပါ။ အချက်ပေးကိရိယာမှာ အသက်ရှင်နေတာမပြရင် အကြီးစားစက်ကိရိယာနဲ့  အုတ်နံရံတွေကို တထပ်ချင်း ဖယ်ရှားရမယ်။”

အဆိုပါနေရာမှာ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေအပြင် ချီလီ၊ ထိုင်ဝမ်၊ အမေရိကန်၊ အစ္စရေး အစရှိတဲ့ နိုင်ငံခြားမှ ကယ်ဆယ်ရေးအဖွဲ့တွေပါ စုစုပေါင်း အင်အား ၅၀၀ ကျော်နဲ့ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မနေ့ကအထိ ရုပ်အလောင်း ၁၄ လောင်း သယ်ထုတ်နိုင်ခဲ့ပြီး X-Ray တွေ့ရှိချက်အရ ဇုန် A နဲ့ C ကြားမှာ အလောင်း ၆ ခု အစုလိုက်အပြုံလိုက် တွေ့ရတယ်၊ ဒီကနေ့တွေ့တဲ့ အလောင်း ၇၀ လောက်ဟာ ပျောက်ဆုံးနေသူတွေအားလုံး ဖြစ်လိမ့်မယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းပါတယ်။

ဧရာဝဏ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ အဆိုပါ အထပ် ၃၀ တိုက် (ငွေစာရင်းစစ်ရုံးဆောက်လုပ်ရေး) လုပ်ငန်းခွင်မှ သေဆုံးသူ (အလောင်းသယ်ထုတ်ပြီး) ၁၄ ယောက်၊ ဒဏ်ရာရသူ ၁၈ ယောက်၊ ပျောက်ဆုံးသူ ၇၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၄ ယောက်ပါဝင်ပြီး အမည်မသိသူ ၂ ယောက်ရှိပါတယ်။ ပျောက်ဆုံးနေသူတွေထဲ TNews က ထုတ်ပြန်တဲ့ အမည်စာရင်းအရ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော် ပါဝင်ပါတယ်။

သေဆုံးဒဏ်ရာရသူတွေရဲ့ ရသင့်ရထိုက်တဲ့ လျော်ကြေး‌ငွေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေမှာ ပကန်ဆန်ခုံးလို့ခေါ်တဲ့ လူမှုရေးအာမခံအဖွဲ့ဝင် ဖြစ်တယ်ဆိုရင် အဆိုပါဌာနမှ သူတို့လုပ်သက်တွေနဲ့ တွက်ချက်ပြီး ထုတ်ပေးမှာဖြစ်တယ်။ အာမခံ လုပ်မထားရင်တော့ သက်ဆိုင်ရာ ဆောက်လုပ်‌ရေးကုမ္ပဏီက တာဝန်ယူ ပေးလျော်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပကန်က သတင်းထောက်တွေကို ပြောပါတယ်။

Source : Khaosod / ThaiPBS / Thairath

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013