DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ကျောက်ဆည်မြို့  ၃ ပုံ ၂ ပုံခန့်ပျက်စီး၊ ရှင်းလင်းရေးလုပ်ရန် စက်ယန္တရားလိုအပ်
DVB
·
April 1, 2025
ငလျင်ကြောင့် ကျောက်ဆည်မြို့  ၃ ပုံ ၂ ပုံခန့်ပျက်စီး၊ ရှင်းလင်းရေးလုပ်ရန် စက်ယန္တရားလိုအပ်
Donate to DVB

အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများခဲ့တဲ့  မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ရှင်းလင်းရေးလုပ်ငန်းအတွက် ဆက်လက်လုပ်ဆောင်ဖို့  စက်ယန္တရား အခက်အခဲတွေ ရှိနေတယ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေနဲ နည်းတူ   ကျောက်ဆည်မြို့မှာလည်း နေအိမ်၊ အဆောက်အဦတွေ အပါအဝင်  တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ကျောက်ဆည်မြို့မှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မတ်လ ၃၁ ရက် ညနေပိုင်းအထိ လုပ်ဆောင်ခဲ့ရာ သေဆုံးသူ ၁၀၀ ကျော်၊ ဒဏ်ရာသူ ၁၈၀ လောက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကျောက်ဆည်မြို့က ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူက “ကျနော်တို့က ကယ်ဆယ်ရေးက ပြီးသွားပြီ။ ရှင်းလင်းရေးပဲ ကျန်တာ။ ရှင်းလင်းရေးမှာ ဘယ်လို့မှမပြည့်စုံဘူး။ သွားတဲ့နေရာ စက်တွေကိုယ်ပိုင်မှ မရှိတာ။ သူများလာပို့တာလေးနဲ့ မျှတပြီး သုံးနေရတယ်။  အပြည့်အစုံတော့ ဘယ်ရှိမလဲ။ လုပ်ရင်းနဲ့မှ သိမှာပဲ အခုလောလောဆယ်တော့  စက်ယန္တရားစောင့်တာပဲရှိတယ်”လို့ ပြောပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် တမြို့လုံးအတိုင်းအတာနဲ့  မြို့ရဲ့ ၃ ပုံမှာ ၂ ပုံလောက် ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ရှင်းလင်းရေးတွေလုပ်ဆောင်ဖို့ စက်ယန္တရားအခက်အ ခဲတွေနဲ့  ဆက်လက် ရင်ဆိုင်နေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စက်ယန္တရားတွေ တော်တော်ကို အခက်အခဲတွေဖြစ်နေတာ။ တချို့ဆိုလိုရှိရင် အိမ်က မရှိမဲ့ရှိမဲ့ တိုက်ဆောက်ထားတာ။ ခြစ်ကုပ်စုထားတာဆိုပေမဲ့ အခု အဲဒီဟာကြီးပြိုသွားတော့ ဖြိုဖို့အတွက်ကို စက်ယန္တရားကို ကျပ်သိန်း ၂၀၀ ကုန်မှာတို့ သိန်းရာချီကုန်မှာတို့  အဲဒီအတွက်တွေနဲ့ ဘာမှကို မလုပ်နိုင်သေးဘူး။ ပျက်စီးဆုံးရှုံးမှုတွေက များပါတယ်ဆိုမှ အဲဒီလိုတွေ ရှိနေတော့  ဒီအတိုင်းအပုံလိုက်ကြီးတွေ ထားရတာပေါ့။ ပိုက်ဆံရှိတဲ့သူတွေကတော့ သူတို့နည်းနဲ့သူတို့ အဆင်ပြေပေမယ့် သာမန်လူတန်စားတွေအတွက်ကတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတယ်။”

လက်ရှိမှာလည်း ကျောက်ဆည်မြို့ အပါအဝင် ကျေးလက်ဒေသတွေမှာပါ သောက်သုံးရေအခက်အခဲတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြို့ခံတယောက်က “အဓိက ကတော့ ရေပေါ့။  နံပါတ် ၁ ဦးစား‌ပေးအနေနဲ့ ပြောမယ်ဆိုရင် ရေက အခု ကျမတို့ဆီမှာ တော်တော်ကို ရာသီဥတုက ပူပြင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ ရေက မရှိမဖြစ်လိုအပ်တယ်။ အစားအစာက ခါတိုင်းထက် ကျပ်တည်းပေမဲ့ နည်းနည်းလေးတောင့်ခံလို့ရသေးတယ်။ ရေကတော့ မရှိမဖြစ်လို့ ပြောလို့ရတယ်။ အခု ရွာဘက်တွေမှာ ဆိုရင် တော်တော်ကို အခြေအနေဆိုးပြီ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၃၁၉၅ ယောက်နဲ့ ဒဏ်ရာရသူ ၄၅၆၅ ယောက်အထိ ရှိလာပြီး လူ ၄၉၈ ယောက်  ပျောက်ဆုံးနေ ဆဲဖြစ်တယ်လို့ DVB က ၃၁ ရက် ည ၈ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။  

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013