DVB Logo
Home
မြန်မာသတင်း
ငလျင်သင့် အင်းလေးပြည်သူများ အစားအစာနှင့်ရေ အရေးတကြီးလိုအပ်
DVB
·
March 31, 2025
ငလျင်သင့် အင်းလေးပြည်သူများ အစားအစာနှင့်ရေ အရေးတကြီးလိုအပ်
Donate to DVB

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ဝန်းကျင်အထိ ရှိလာနေပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ အင်းလေးဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရွာပေါင်း ၁၉ ရွာလောက်မှာ သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိလာနေပြီး နေအိမ်အလုံးပေါင်း ၂,၇၉၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့နဲ့ ဒေသတွင်း ကူညီပေးနေသူတွေဆီက သိရပါတယ်။

ငလျင်ကြောင့် သေဆုံးသူတွေထဲမှာ ကေလာကျေးရွာမှာ ၄၂ ယောက်၊ အနောက်တောင်ရွာက ၁၄ ယောက်၊ အနောက်မြောက်ရွာက ၁၀ ယောက်၊ အရှေ့တောင်ရွာက ၆ ယောက်၊ ဟဲယာရွာမက ၅ ယောက်၊ ဇရပ်ကြီးရွာက ၅ ယောက် အပါအဝင် သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိတယ်လို့ အင်းလေး ဒေသတွင်း လူမှုကူညီ ဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ငလျင်ဘေးဒဏ်သင့် အင်းလေးဒေသက ပြည်သူတွေမှာ နေအိမ်တွေ အကုန်လုံးနီးပါး ပျက်စီးခဲ့တာကြောင့် လက်ရှိမှာတော့ ကျွန်းမျှောတွေပေါ်မှာ ယာယီတဲ‌လေးတွေထိုးပြီး နေကြရသလို လှေတွေပေါ်မှာလည်း အဆင်ပြေသလို နေထိုင်ကြရသူတွေ ရှိနေတယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အင်းလေးဒေသမှာ ရေကန်တွေ ခန်းခြောက်နေတဲ့အပြင် ‌‌ရွှံ့တွေ၊ နုန်းတွေနဲ့ နောက်ကျိနေတာကြောင့် သောက်ရေ၊ သုံးရေ အခက်အခဲ ရှိနေကြတယ်လို့ အင်းလေးဒေသခံ တယောက်က ပြောပါတယ်။

“ကျနော်တို့ လောလောဆယ်တော့ ဘုန်းကြီးကျောင်းတွေမှာ စုပြီးနေကြတယ်၊  စာသင်ကျောင်းတွေမှာ စုပြီးနေကြတယ်၊ တချို့ကျတော့ စိုက်ခင်း ကျွန်းမျှောလေးတွေပေါ်မှာ မိသားစုလိုက် ယာယီတဲလေးတွေ ထိုးပြီးတော့ နေထိုင်နေကြတယ်။ ဖုန်းလိုင်းတွေကလည်း ဆက်သွယ်လို့ မိတချက်၊ မမိတချက်ဆိုတော့ အခက်အခဲ‌ ဖြစ်နေကြပါတယ်။ ရွာတွေက ချက်ပြုတ်ဖို့ နေရာအခက်အခဲရှိနေတော့ စားသောက်စရာ အခြောက်အခြမ်းတွေ လိုမယ်၊ ထမင်းဘူးတွေလိုမယ်၊ အဓိက ရေသန့်လိုပါမယ်။ ညဘက်အတွက်ဆိုရင် ဆေးရည်စိမ်ထားတဲ့ ခြင်ထောင်လိုမယ်၊ ဆိုလာမီးတွေ အဓိကလိုအပ်မယ်။ အမျိုးသမီးတွေအတွက်တော့ လစဉ်သုံးပစ္စည်းတွေ လိုအပ်မယ်လို့ ထင်ပါတယ်။”

အင်းလေးဒေသအတွင်း အလှူရှင်လာရောက်မှု မရှိသလောက် နည်းပါးနေတာကြောင့် ဒေသခံပြည်သူတွေဟာ အနီးအနားကျေးရွာတွေက လာထောက်ပံ့ပေးတာနဲ့ပဲ စားသောက် နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီး ၄ ရက်မြောက်နေ့အထိ အင်းလေးဒေသမှာ လူမှုကူညီကယ်ဆယ်ရေးတွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲဖြစ်ကာ သေဆုံးတဲ့သူတွေ ထပ်တိုးလာနိုင်တယ်လို့ ဒေသတွင်း လူမှုကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

အင်းလေးဒေသတွင်း လူမှုကူညီပေးနေသူတယောက်က “ဒီအင်းထဲမှာက ပြီးခဲ့တဲ့ ၂၀၂၄ မှာလည်း ရေဘေးလည်း ကြုံခဲ့ရတယ်။ ရေဘေးကြုံခဲ့ရတော့ ပြန်လည်ထူထောင်ရေးက မပြည့်စုံတဲ့အချိန်မှာ ဒီငလျင်မတိုင်ခင် ၂ ရက်၊ ၃ ရက်ကလည်း လေပြင်းတိုက်ခတ်လို့ အိမ်တွေ ပြိုလဲပျက်စီးခဲ့ရတာ ရှိပါတယ်။ ခုတခါ ငလျင်ကျပြန်တော့လေ ပြန်လည်ထူထောင်ဖို့ ဆိုတာက အစိုးရ‌ရော၊ နိုင်ငံတကာရော အများကြီး ကူညီပံ့‌ပိုးဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ‌ရော သူတို့ရဲ့ ရပ်တည်ရေးရော အခုချိန်က စားရေး၊ သောက်ရေးအတွက်ကို ယာယီပဲ ကူညီပေးနိုင်ကြမှာ။ သူတို့ ပြန်ပြီး ရှင်သန်နိုင်ဖို့ အင်နဲ့အားနဲ့ ကူညီဆောင်ရွက်‌ပေးဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက် mental support က တော်တော်လေး လုပ်ပေးဖို့လိုပါတယ်။ ကလေးတွေရော၊ လူကြီးတွေရော အကြောက်တရားပေါ့လေ၊ ရေဘေးထက် ဆိုးတယ်လို့ပဲ ပြောနေကြတာ။ ငလျင်ကတော့ ရေထဲဆင်းတော့လေ ဓာတ်တိုင်တွေလဲထားတော့ ဓာတ်လိုက်တာတို့၊ ရေထဲနစ်သွားတာတို့ ဖြစ်တယ်ပေါ့နော်။ ခုထိလည်း ဒီရွှံ့တွေထဲမှာ ပျောက်နေတဲ့အလောင်းတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။

အင်းလေးကန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ရေဘေးသင့်ခဲ့ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာပဲ ငလျင်ဘေးဒဏ်ကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူတွေဟာ သဘာဝဘေးဒဏ်ကို အလူးအလဲ ခံစားနေကြရတာ ဖြစ်ပါတယ်။

အင်အားပြင်းငလျင် လှုပ်ခတ်အပြီး ၄ ရက်အကြာ မတ် ၃၁ ရက် နေ့လယ် ၃ နာရီအထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၃,၀၃၄ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၃,၅၁၇ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅၉ ယောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013