DVB Logo
Home
Lead Story
ငလျင်ဘေးသင့် ပြည်သူများအတွက် စစ်ကောင်စီ ကဖျက်ယဖျက် ဝင်မလုပ်ပါနဲ့
DVB
·
March 31, 2025
ငလျင်ဘေးသင့် ပြည်သူများအတွက် စစ်ကောင်စီ ကဖျက်ယဖျက် ဝင်မလုပ်ပါနဲ့
Donate to DVB

မတ်လ ၂၈  ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်၊ မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး ငလျင်ကြီးလှုပ်မယ်လို့ ဘယ်သူကများ မျှော်လင့်ထားမှာလဲ။ စစ်ကိုင်း၊ မန္တလေးက ပြည်သူတွေလည်း သူတို့ လုပ်မြဲအလုပ်တွေလုပ်ရင်း ပူပြင်းတဲ့ရာသီကို ဖြတ်သန်းနေမှာပါ။ အမှတ်တမဲ့ တုန်ခါလာရာက ပြိုကျပျက်စီးတဲ့အထိ ပြင်းထန်လာမယ်လို့ သူတို့ ဘယ်ထင်ပါ့မလဲ။

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားအလွန်ပြင်းတဲ့ ငလျင်ကြီးကို ပြည်သူတွေ အံ့အားသင့်စွာ ရင်ဆိုင်လိုက်ရချိန်မှာ ပြေးရမလို ဝပ်ရမလိုနဲ့ ထိတ်လန့်သွားကြမှာပါပဲ။ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း အကြိမ်များစွာ ဆက်လှုပ်ခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့ ငလျင်ဒဏ် အပြင်းအထန် ခံခဲ့ရပြီး အဆောက်အအုံတွေ ပြိုကျပျက်စီး၊ လူအများပိတ်မိ၊ အသက်ဆုံးရှုံးတာတွေ အများအပြား ရှိနေပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေက ထိခိုက်၊ သေဆုံးမှု များခဲ့ပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောကနေ လှုပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အင်အားပြင်းသလို အပျက်အစီးနဲ့ လူအသေအပျောက်များတဲ့ငလျင် ဖြစ်ပါတယ်။ နောက်ဆက်တွဲငလျင်တွေလည်း ရာကျော်နေပါပြီ။

စစ်ကောင်စီကတော့ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းတို့က ငလျင်ဒဏ်သင့် နေရာတွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ငလျင်ဒဏ်ကြောင့် အထင်ကရနေရာတွေ၊ ဘုရားကျောင်းကန်တွေ၊ ဗလီကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ လူနေတိုက်တာနဲ့ လမ်းတံတား အဆောက်အအုံတွေ များစွာ ပြိုကျခဲ့သလို လူအများပိတ်မိကာ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ မတ် ၃၀ ရက် မနက်အထိ စာရင်းတွေအရ သေဆုံးသူ ၂,၀၀၀ ကျော်ရှိနေပြီး ဒိထက်ပိုများဖို့ပဲရှိတာမို့ အလွန်စိတ်မကောင်း ဝမ်းနည်းစရာပါ။

မြန်မာနိုင်ငံရဲ့ သဘာဝဘေးကူညီကယ်ဆယ်ရေးက အင်မတန်ကိုမှ အားနည်းပါတယ်။ အင်စတီကျူးရှင်းအရပါ အားနည်းချက်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ အဝေးကြီးပြန်မကြည့်ဘဲ ၂၀၂၄ ခုနှစ် ဇွန်လနဲ့ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရေဘေးကို ကြည့်ရင် သိသာပါတယ်။ အခုလို ပြည်သူတွေ ခက်ခဲနေချိန် အပြစ်တင် (blame game) တာတွေလည်း မလုပ်ချင်ပါ။ ဒါပေမဲ့ အဲဒီတုန်းကဆိုရင်လည်း ရပ်ရွာတွင်း ကိုယ်ထူကိုယ်ထအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေကပဲ အများကြီး ကူညီကယ်ဆယ်ခဲ့ရတာပါ။ အခု ပြင်းထန်ငလျင်မှာလည်း မနေ့က တညလုံး ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့တွေကပဲ ကူညီကယ်ဆယ်ရေးတွေ အင်နဲ့အားနဲ့ လုပ်နေခဲ့တာပါ။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုက ပြည်ပကို နည်းမျိုးစုံနဲ့ ထွက်ခွာနေရလို့ ပြည်တွင်းမှာ အခုလို ဘေးဆိုးကြုံချိန် စေတနာ့ဝန်ထမ်းအင်အား အလွန်နည်းနေတာပါ။ မနေ့ညကဆိုရင်လည်း ကိုယ်ထူကိုယ်ထအဖွဲ့တွေ အနေနဲ့ ပစ္စည်းအား၊ လူအား မလောက်ငလို့ ညလုံးပေါက်မကယ်နိုင်ဘဲ ပြည်သူတွေ ပိတ်မိနေတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ ကူညီရေးအဖွဲ့တွေ မရှိဘူးလို့ ဆိုတာမဟုတ်ပါ။ ကိုယ်ထူကိုယ်ထအဖွဲ့တွေက အများဆုံး လုပ်နေကြရတာကို ပြောချင်တာပါ။ စစ်ကောင်စီအနေနဲ့ အခုထက်ပိုပြီး ကူညီကယ်ဆယ်ရေးကို အလျင်အမြန် လုပ်ဆောင်သင့်ပါတယ်။ ဒါပေမဲ့လည်း ချည့်နဲ့နေတဲ့ ယန္တရားတွေက မစွမ်းသာ ဖြစ်နေပါတယ်။ စစ်ရေးအတွက်သာ ဒီလေးနှစ်တာကာလ ပြင်ဆင်နေတဲ့ စစ်ကောင်စီအနေနဲ့ သဘာဝဘေးအတွက် ဘာမှ ကြိုမပြင်ထားတာ သိသာလွန်းပါတယ်။

အခုလို ပြင်းထန်စွာ ခံစားနေရတဲ့အချိန်မှာ နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်ရေးအားတွေ အမြန်ဝင်လာတာတော့ ပြည်သူတွေအတွက် အင်မတန်အားတက်စရာ ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်က ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာကို ရောက်လာပြီဖြစ်သလို အိန္ဒိယရဲ့ အကူအညီပစ္စည်းတွေ တင်ဆောင်လာတဲ့ လေယာဉ်လည်း ရောက်လာပါတယ်။ စင်ကာပူက ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ဖို့ရှိပါတယ်။ ဥရောပသမဂ္ဂကလည်း ပေါင် ၂ သန်းခွဲ ကူညီမယ်လို့ ကြေညာပါတယ်။ UWSA ‘ဝ’ တပ်ဖွဲ့ကလည်း ကျပ်ငွေသန်း ၂,၀၀၀ ကူညီမယ်လို့ ဆိုပါတယ်။ ပြည်တွင်း ပြည်ပက အလှူရှင်တွေကလည်း အလှူငွေတွေ များစွာ ထည့်ဝင်နေပါတယ်။

ဒါပေမဲ့ ဒီအင်အားတွေကို စစ်ကောင်စီအနေနဲ့ ဘယ်လိုစီမံကာ ပြည်သူအတွက် အသုံးပြုမှာပါလဲ။ ဒါက အခရာအကျဆုံး မေးခွန်းတခု ဖြစ်လာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်မယ့်အကြောင်း ပြောလာပေမဲ့ ထိခိုက်မှုအများဆုံးဖြစ်တဲ့ မန္တလေးကို ကူညီကယ်ဆယ်ဖို့ရာ မလွယ်ကူနိုင်ပါ။ 

စစ်ကိုင်း၊ မကွေး ဆိုရင်တော့ တချို့နေရာတွေမှာ ဖြစ်နိုင်ကောင်းပေမဲ့ ငလျင်ဒဏ်သင့်နေရာပေါ် မူတည်နေပါတယ်။ လက်ရှိ စစ်ကောင်စီ အာဏာသက်ရောက်တဲ့  ငလျင်ဒဏ်အခံရဆုံးဖြစ်တဲ့ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ပြည်သူတွေရဲ့ အသက်က စစ်ကောင်စီလက်ထဲမှာ ရှိနေပါတယ်။ 

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အားနည်းတာနဲ့ ပြည်သူတွေ အသက်ဆုံးမှာပါပဲ။ ပြင်းထန်ငလျင်ဖြစ်ပြီး ၄၈ နာရီအထိ စစ်ကောင်စီရဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေဟာ အားရစရာမရှိပါဘူး။ နေပြည်တော်နဲ့ မန္တလေးမှာတောင် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ စင်ကာပူက ကယ်ဆယ်ရေးအဖွဲ့တွေ ကျေးဇူးနဲ့ ပြည်သူတွေ အသက်ဆက်နေရတာပါ။ စစ်ကောင်စီအနေနဲ့ ပြည်တွင်းက ကိုယ်ထူကိုယ်ထအဖွဲ့တွေ၊ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေကို လွတ်လပ်စွာ ကူညီနိုင်အောင် ကဖျက်ယဖျက် ဝင်လုပ်တာ၊ နာမည်ကောင်း ဝင်ယူတာတွေ ရှောင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဟိတေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013