DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်အတွက် ဩစတြေးလျက ဒေါ်လာ ၂ သန်း ICRC မှတဆင့်ကူညီမည်၊ စစ်ကောင်စီကို တိုက်ရိုက်မပေး 
DVB
·
March 30, 2025
မြန်မာငလျင်အတွက် ဩစတြေးလျက ဒေါ်လာ ၂ သန်း ICRC မှတဆင့်ကူညီမည်၊ စစ်ကောင်စီကို တိုက်ရိုက်မပေး 
Donate to DVB

ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် သြစတြေးလျနိုင်ငံက ဒေါ်လာ ၂ သန်းကို စစ်ကောင်စီကို တိုက်ရိုက်ပေးဘဲ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကနေတဆင့် ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက  မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ 

သြစတြေးလျအနေနဲ့ စစ်ကောင်စီကို ဘယ်လိုအကူအညီမျိုးကိုမှ တိုက်ရိုက်ပေးအပ်တာမရှိသလို မြန်မာနိုင်ငံအတွက် အကူအညီတွေကိုလည်း စစ်အာဏာရှင်အဖွဲ့အစည်းကို တရားဝင်စေမှုမဖြစ်ဖို့ အသေအချာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် သြစတြေးလျက ကနဦး ‌ဒေါ်လာ ၂ သန်း ကူညီပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့  ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမိုခက်ခဲစေခဲ့တဲ့ ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူတွေ အားလုံးအတွက် များစွာ ဝမ်းနည်းကြေကွဲရတယ်လို့  သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်၊။

သြစတြေးလျရဲ့အကူအညီက ICRC အနေနဲ့ အရေးပေါ်ကျန်းမာရေးဆိုင်ရာအကူအညီတွေ ပေးအပ်တာ အပါအဝင် အသက်ကယ်ဆယ်ရေးပံ့ပိုးမှုတွေကို ချက်ချင်းလုပ်ဆောင်နိုင်ဖို့အတွက်  အထောက်အကူ ပြုဖို့ ရည်ရွယ်ကြောင်းလည်း ဖြည့်စွက်ပါရှိပါတယ်၊

သြစတြေးလျရဲ့ အကူအညီကနေ အမိုးအကာ၊ အစားအစာနဲ့ သောက်သုံးရေတို့လို အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် UN Central Emergency Response Fund (CERF) က အမေရိကန်ဒေါ်လာ ၅ သန်းပေးအပ်တာကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

မြန်မာငလျင်ဘေးအတွက်အကူအညီတွေ ပေးကြဖို့ စစ်ကောင်စီကရော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကပါ နိုင်ငံတကာကို ပန်ကြားထားပြီး၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား ၊ မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေက အကူအညီတွေ စတင်ပေးနေပြီဖြစ်ပါတယ်။

မတ်လ ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013