
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် မတ် ၂၈ ရက် မွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံတဝန်းမှာ သေဆုံးသူ ၁,၀၀၂ ယောက် ရှိနေပြီလို့ စစ်ကောင်စီက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၄၉ ယောက်ရှိပြီး ဒဏ်ရာရရှိသူ အယောက် ၁,၆၇၀ ရှိကာ ပျောက်ဆုံးနေသူ ၆၈ ယောက် ရှိနေပြီး ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပါတယ်။
နေပြည်တော် ကောင်စီနယ်မြေမှာ သေဆုံးသူ ၉၆ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၂ ယောက်နဲ့ စစ်ကိုင်းမြို့မှာ သေဆုံးသူ ၁၈ ယောက် ဒဏ်ရာရရှိသူ ၃၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အောင်ပန်းမြို့နယ် အင်းလေးဒေသတို့မှာလည်း သေဆုံးသူ ၃၇ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။
သေဆုံးသူ ၁,၀၀၂ ဦးရှိနေပြီလို့ စစ်ကောင်စီကထုတ်ပြန်ထားပေမဲ့ ဒီညနေအထိ DVB DATA အဖွဲ့က ရရှိထားတဲ့ စာရင်းအရတော့ သေဆုံးသူ ၁,၀၇၆ ယောက် ရှိနေပြီဖြစ်ပါတယ်။
မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတယောက်က “ထိခိုက်မှု အများဆုံးဖြစ်ခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ဆေးရုံဆေးခန်းတွေ မလုံလောက်လို့ ပြင်ဦးလွင်က ကူညီကယ်ဆယ်ရေးတွေ လာရောက်ခေါ်တာ၊ ကိုယ်ထူကိုယ်ထ ပြင်ဦးလွင်အထိ သွားရောက်ဆေးကုသမှုတွေ ပြုလုပ်နေရတယ်။ ပြင်းထန်တဲ့ငလျင်ကိုခံစားရတဲ့ နေပြည်တော် ပျဉ်းမနားနဲ့ ရမည်းသင်းမြို့တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ များပြားနေတယ်။ နေပြည်တော်မှာကို လုံလောက်တဲ့ ကူညီကယ်ဆယ်ရေးတွေ မရှိသေးပါဘူး။ ငလျင်ဒဏ်သင့်တဲ့ဒေသတွေမှာတော့ ဒီနေ့အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတုန်းပဲ” လို့ ပြောပါတယ်။
ငလျင်ဒဏ် ထိခိုက်မှုများတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းတို့က ငလျင်ဒဏ်သင့်တဲ့ နေရာတွေကို အရေးပေါ်အခြေအနေဖြင့် စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက အရေးအပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသတွေထဲက စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့နယ်နဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တို့ကို ငလျင်လှုပ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။