DVB Logo
Home
မြန်မာသတင်း
ငလျင်လှုပ်ခတ်ပြီးနောက် ရန်ကုန်တွင် ဖုန်းလိုင်းများ ဆိုးရွားစွာပြတ်တောက်
DVB
·
March 29, 2025
ငလျင်လှုပ်ခတ်ပြီးနောက် ရန်ကုန်တွင် ဖုန်းလိုင်းများ ဆိုးရွားစွာပြတ်တောက်
Donate to DVB

စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်တဲ့ ငလျင်ဖြစ်စဥ်နဲ့တပြိုင်တည်း ရန်ကုန်အပါအဝင် နိုင်ငံတဝန်းမှာ ဖုန်းလိုင်းပြတ်တောက်မှုနဲ့ လျှပ်စစ်မီးပျက်တာတွေပါ အချိန်ကြာမြင့်စွာဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့မှာ ငလျင်စတင်လှုပ်ခတ်တဲ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်ကစလို့ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုတွေ ရှိခဲ့တာဖြစ်ပြီး ည ၁၀ နာရီကျော်ချိန်အထိ ဆက်သွယ်ရေး အဆင်မပြေမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ခံ ပြည်သူတယောက်က “ငလျင်လှုပ်ချိန်မှာ ဖုန်းပြောနေရင်း လိုင်းပျက်သွားတယ်။ နောက်ပိုင်းဖုန်းတွေ ထပ်ဆက်တော့လည်း အဆင်မပြေဘူး။ ဖုန်းနှစ်လုံး ကပ်ချပြီး ခေါ်တာတောင် ဆက်သွယ်မှုပြင်ပဆိုပြီး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ငလျင်လှုပ်ပြီးချိန်ကစပြီး ဖုန်းလိုင်းတွေက ခေါ်မရတာ၊ အချိန်အကြာကြီးပြောမရတာ၊ အသံရှင်းလင်းမှု မရှိတာမျိုးကို ကြုံတွေ့နေရတာလို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ချိန်ကစလို့ အလှည့်ကျပေးနေတဲ့ လျှပ်စစ်မီးတွေ ပြတ်သွားသလို မြို့နယ်တော်တော်များများမှာ ည ၁၀ နာရီကျော်အထိ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနေ့မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ဒသမ ၇ ရှိတဲ့  ငလျင်ဟာ နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း အပြင်းထန်ဆုံးငလျင်ကြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက DVB ကို ပြောထားပါတယ်။

အင်အားပြင်းတဲ့ ငလျင်ကြီးတွေ လှုပ်ခတ်ပြီးရင် ငလျင်တွေ ဆက်လှုပ်ခတ်နိုင်တာကြောင့် သတိပြုကြဖို့လည်း ဆက်လက်ပြောပါတယ်။

အဲဒီငလျင်လူပ်ခတ်မှုကြောင့် ပြည်သူ ၁၅၀ နီးပါးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ကနဦး သတင်းထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013