DVB Logo
Home
မြန်မာသတင်း
MNDAA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲ ပြေလည်မှုမရ
DVB
·
March 26, 2025
MNDAA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲ ပြေလည်မှုမရ
Donate to DVB

ကိုးကန့်တပ် MNDAAနဲ့ စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြေလည်မှုမရခဲ့ဘူးလို့ နီးစပ်သူတွေနဲ့ လေ့လာသူတွေကပြောပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAAတို့ အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ မတ် ၂၂ ရက်မှ  ၂၄ ရက် အထိ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံပွဲအတွင်း MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးကို ပြန်ပေးဖို့အတွက် စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့ဘူးလို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

''သိရသလောက်ကတော့ စစ်ကောင်စီဘက်က လားရှိုးကို ပြန်ပေးဖို့ တောင်းဆိုတယ်။ ဒီဘက်ကလည်း မပေးနိုင်ဘူးလို့ပြောတယ်။ ဒါကအဓိကကိစ္စပဲ။ ဒါကြောင့် ဆွေးနွေးပွဲက မပြေလည်ဘူးလို့ ပြောလို့ရပါတယ်။"

လားရှိုးမြို့ကို MNDAAနဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ အပြီးသတ်သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်တွေရဲ့ စစ်ဆင်ရေး အားကောင်းလာတဲ့နောက်မှာတော့ တရုတ်ဖိအားပေးမှုတွေရှိလာပြီး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာပါ။

ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေအတွင်း စစ်ကောင်စီနဲ့ MNDAAတို့အကြား တိုက်ပွဲတွေရပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

လက်ရှိမှာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်တချို့ကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေပြီး MNDAAဘက်က လက်ခံပေမဲ့ စစ်ကောင်စီကတော့ လားရှိုးကို ပြန်ရမှ ဖွင့်မယ်ဆိုတဲ့သဘောထားရှိတာကြောင့် ဆွေးနွေးပွဲက အဆင်မပြေဖြစ်ခဲ့တာလို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

"နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က ကြိုးစားပုံရတယ်။ MNDAAကလည်း လက်ခံတယ်။ ဒါပေမဲ့ စစ်ကောင်စီက လားရှိုးပြန်ရမှဆိုတဲ့ မူကို ဆက်ကိုင်ထားပုံရတယ်။ ရည်ရွယ်ချက်ခြင်းကမတူဘူးလေ။ MNDAA ရော၊ စစ်ကောင်စီရော၊ တရုတ်ကဝင်ပြီးတော့ စေ့စပ်ပေးပြီးတော့ ဆွေးနွေးခိုင်းလို့သာဆွေးနွေးတာလေ။ MNDAAကတော့ သူရထားပြီးသား နေရာကို တည်မြဲအောင်လုပ်မှာပဲ။ တည်ငြိမ်အောင်လုပ်မှာပဲ။ ဒါအတွက် အသိအမှတ်ပြုဖို့ အတွက် သူကြိုးစားပုံရတယ်။ စစ်ကောင်စီကလည်း ဆွေးနွေးပွဲကိုတက်တာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်သာ တက်တာ။ သူကအချိန်ဆွဲဖို့ပဲ။"

လားရှိုးအရေးအဆင်မပြေတာကြောင့် စစ်ကောင်စီဘက်က ပြန်ပြီးထိုးစစ်ဆင်မလားဆိုတဲ့ စိုးရိမ်မှုတွေရှိကြပေမဲ့ လက်ရှိအနေအထားကတော့ စစ်ကောင်စီအနေနဲ့ ပြန်ပြီးတိုက်ယူနိုင်စွမ်း မရှိဘူးလို့လည်း ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရော MNDAA နဲ့ တရုတ်ဘက်ကပါ တစုံတရာ ထုတ်ပြောထားတာမရှိသေးပါဘူး။ ဆွေးနွေးပွဲ အဆင်မပြေတာကြောင့် လားရှိုးကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြန်ပြီး လုပ်မှာကိုတော့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013