DVB Logo
Home
မြန်မာသတင်း
မဏိပူရ်ပြည်နယ် အင်ဖာထောင်က အကျဉ်းသား ၂၇ ယောက်ကို စစ်ကောင်စီထံ လွှဲပေး
DVB
·
March 26, 2025
မဏိပူရ်ပြည်နယ် အင်ဖာထောင်က အကျဉ်းသား ၂၇ ယောက်ကို စစ်ကောင်စီထံ လွှဲပေး
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်က မြန်မာနိုင်ငံသား အကျဉ်းသား ၂၇ ယောက်ကို လွှတ်ပေးပြီး စစ်ကောင်စီကို လွှဲပေးလိုက်တာဟာ အိန္ဒိယနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှု ကိစ္စတွေကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေက ထောက်ပြကြပါတယ်။ 

အင်ဖာမြို့ အကျဉ်းထောင်မှာ အကျဥ်းကျခံထားရတဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ထောင်အာဏာပိုင်တွေက  ပြန်လွှတ်ပေးခဲ့ပြီး စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့  အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ India For Myanmar ဆီကနေ သိရပါတယ်။

မတ် ၂၁ ရက်နေ့မှာ အင်ဖာမြို့ ဆာဂျီးဝါးအကျဉ်းထောင်က အကျဉ်းသား ၂၇ ယောက်ကို ပြန် လွှတ်ပေးခဲ့ပြီး လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အင်ဖာထောင်အာဏာပိုင်တွေက တမူး-မိုးရေးနယ်စပ်ဂိတ် အမှတ်-၁ ချစ်ကြည်ရေး တံတားကနေတဆင့် အကျဉ်းသားတွေကို ပြန်လည်လွှဲပြောင်းခဲ့ပြီး တမူးမြို့မရဲစခန်းထဲမှာ ထားရှိကာ တယောက်ချင်း စစ်ဆေးမေးမြန်းနေတယ်လို့ နယ်စပ်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေက ‌ပြောကြပါတယ်။

မဏိပူရ်ပြည်နယ် စစ်ဘေးရှောင်အရေး အကူအညီပေးနေသူက “ပြန်လွှဲတာက အင်ဖာထောင်ကနေ မိုးရေး၊ အဲဒီကမှ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ လွှဲတယ်။ ပထမအသုတ် လွှဲတုန်းက တမူးမြို့ မီးကွင်းဘုန်းကြီးကျောင်းမှာ ထားတယ်။ အခုတခေါက်က တမူးမြို့မရဲစခန်းထဲမှာလို့ သိရတယ်။ အိန္ဒိယ မဏိပူအစိုးရက အခုလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကာလမှာ အကျဥ်းသားတွေ လွှဲပေးတဲ့ကိစ္စဝက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ စကစဟာ ပြည်တွင်းမှာ မြို့ရွာတွေ မီးရှို့ဖျက်ဆီး၊ လူသတ် ဖမ်းဆီး၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး မြန်မာပြည်မှာ စစ်မက်ဖြစ်ပွားနေတာကို သိသိချည်းနဲ့ စကစနဲ့ အလိုတူအလိုပါ အားပေးထောက်ခံပေးနေတာက အိန္ဒိယရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ထောင်တွင်းက ပြန်လည်လွတ်မြောက်လာသူတွေထဲ အမျိုးသမီး အယောက် ၂၀ နဲ့ ကလေးငယ် ၇ ယောက်ပါဝင်ပြီး သူတို့ဟာ ၂၀၂၂ ခုနှစ်ထဲက စစ်ဘေးရှောင်စခန်းတွေကနေ ဆေးဝါးကုသဖို့အတွက် မြို့ပေါ်သွားကြရင်း တရားမဝင်နေထိုင်မှုကြောင့် နိုင်ငံခြားသားဥပဒေနဲ့  ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

မဏိပူရ်ပြည်နယ်က ထောင်တွေအတွင်းမှာ ကလေး ၁၇  ယောက်၊ အသက်ကြီးပိုင်း အယောက် ၂၀၊ နာတာရှည်ရောဂါသည် ၁၀ ယောက်ကျော် အပါအဝင် အကျဉ်းသားစုစုပေါင်း ၁၁၉ ယောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ထောင်ထဲမှာ ကျန်ရှိနေတဲ့ သူတွေဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြောင့် နိုင်ငံခြားသား ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဖြစ်ပြီး သူတို့ဟာ ထောင်ဒဏ် ငွေဒဏ်တွေ ကျခံခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက မလွှတ်ပေးဘဲ ဆက်လက်ထိန်းသိမ်းထားသူတွေဖြစ်တယ်လို့ သိရပါတယ်။

မတ် ၂၀ ရက်နေ့ကလည်း အင်ဖာထောင်တွင်းမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဦးအောင်မြင့် သေဆုံးမှု တရားမျှတမှု ရရှိရေးနဲ့ မဏိပူရ်နဲ့ အာသံပြည်နယ်တွေအတွင်း ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ India For Myanmar အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း ၁၉၆ ဖွဲ့နဲ့ တော်လှန်အစုအဖွဲ့တွေက အိန္ဒိယနိုင်ငံ ဗဟိုအစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။

India For Myanmar အဖွဲ့မှ ဆလိုင်းဒိုခါရ်က “သူတို့အခြေအနေက ကျနော်တို့က အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေထိ ဖြစ်လာမယ်ဆိုတာတော့ ပြောလို့မရသေးဘူး။ ထောင်ထဲမှာလည်း သေဆုံးတဲ့သူက ၂ ယောက်ရှိလာပြီဆိုတော့  ကျန်တဲ့သူတွေလည်း အဲ့လိုအခြေအနေနဲ့ မကြုံဘူးလို့ မပြောနိုင်ပါဘူး။ အဓိကက အဲ့လို ကျန်းမာရေးအခြေအနေတင်မကဘဲနဲ့ သူတို့တွေက ဖမ်းဆီးထောင်ချခံခဲ့ရပြီးတဲ့ နောက်ပိုင်း ဆက်လက်ထိန်းသိမ်းခံထားရတာဆိုတော့ သူတို့ရဲ့နစ်နာမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို ငဲ့ညှာပေးဖို့၊ ပြီးတော့မှ လူငယ်တွေဆိုရင်လည်း သူတို့ပညာသင်ကြားခွင့်မရှိဘဲ ထောင်ထဲမှာပဲရှိနေတဲ့ ဟာမျိုးဖြစ်တယ်” လို့ ပြောပါတယ်။

မဏိပူရ်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်က နုတ်ထွက်ပြီးတဲ့နောက် ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်နေပြီး မြန်မာနဲ့ထိစပ်နေတဲ့ အိန္ဒိယ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရချင်း တိုက်ရိုက်ထိတွေဆက်ဆံနိုင်အောင် လုပ်ဆောင်သင့်တယ်လို့လည်း အကူအညီပေးနေသူတွေက ထောက်ပြကြပါတယ်။ 

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013