လေဘာပါတီခေါင်းဆောင်သစ် အန်ဒီဘန်နမ်ဟာ ဇူလိုင် ၂၀ ရက်မှာ ဗြိတိန်ရဲ့ ၁၀ နှစ်အတွင်း သတ္တမမြောက် ဝန်ကြီးချုပ်အဖြစ် ကီယာစတာမာ နေရာမှာ အစားထိုး တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ မှာ ပထမဆုံးအကြိမ် ပြောကြားမဲ့ မိန့်ခွန်းမှာ ပြည်သူတွေ အသက်ရှူချောင်စေဖို့ ကတိပေး ပြောကြားသွားမှာဖြစ်ပြီး အကောင်းမြင်တဲ့ သတင်းစကားနဲ့ အဆုံးသတ်ဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။
ကီယာစတာမာ ကလည်း ဝန်ကြီးချုပ်အဖြစ် နိုင်ငံကို နောက်ဆုံး နှုတ်ဆက်စကား ပြောကြားသွားမှာ ဖြစ်ပါတယ်။
သူတို့ ၂ ယောက်စလုံး ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်ပြီး ချားလ်စ်ဘုရင်နဲ့ တွေ့ဆုံကြမှာဖြစ်ကာ ဘုရင်က စတာမာရဲ့ နုတ်ထွက်လွှာကို လက်ခံပြီးနောက် အစိုးရအဖွဲ့သစ် ဖွဲ့စည်းဖို့ ဘန်နမ်ကို တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်။
အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ကီမီဘေဒနက် ကတော့ ဘန်နမ်ဟာ ရေရာတဲ့ အစီအစဉ်မရှိဘဲ ရာထူးကိုရယူဖို့ လုပ်နေတယ်လို့ ဝေဖန်ထားပါတယ်။
ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန်ဟောင်း ဘန်နမ်ဟာ ပြီးခဲ့တဲ့လက မိတ်ကာဖီးလ်ဒ် မဲဆန္ဒနယ်မှာ အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး စတာမာ နေရာကို ဆက်ခံဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
လေဘာပါတီတွင်း ပြိုင်ဘက်မရှိ ခေါင်းဆောင်အဖြစ် ဇူလိုင် ၁၇ ရက်က တရားဝင် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘန်နမ်ဟာ ဒစ်ဂျစ်တယ်မှတ်ပုံတင် ထုတ်ပေးမဲ့ အစီအစဉ်ကို ပယ်ဖျက်ဖို့ရှိနေပြီး မြောက်ပင်လယ်တွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး အစီအစဉ်သစ်တွေကို ကြေညာဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ကုန်ကျစရိတ်တွေ ကြီးမြင့်နေတာကို ဖြေလျှော့ပေးမဲ့ အစီအစဉ်တွေနဲ့ အရက်ဆိုင်တွေ၊ ဂီတဖျော်ဖြေပွဲရုံတွေအတွက် လုပ်ငန်းခွန် ၂၀ ရာခိုင်နှုန်း လျှော့ချပေးဖို့ကိုလည်း မဲဆွယ်ကာလက ကတိပေးခဲ့ပါတယ်။











