DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ နှမ်းခါးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦး သေဆုံး 
DVB
·
March 24, 2025
ဂန့်ဂေါ နှမ်းခါးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦး သေဆုံး 
1 / 2
Donate to DVB

မကွေးတိုင်း၊  ဂန့်ဂေါနယ်၊ နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဆရာဝန်မိသားစု ၃ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း နှမ်းခါးကျေးရွာက ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်နေအိမ်ကို စစ်ကောင်စီလေတပ်က မတ် ၂၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ရှင်ဆရာဝန် ဒေါက်တာမြစိုးအောင်၊ သူ့ရဲ့ဇနီးနဲ့ ကလေးငယ်တို့ အပါအဝင် ဆေးခန်းမှာရှိနေတဲ့သူ စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ နှမ်းခါးဒေသခံတယောက်က ပြောပါတယ်။

“နှမ်ခါးရွာထဲမှာပဲ ဆရာဝန် နေတဲ့အိမ်ကို ပစ်ခတ်မှုက ထိခိုက်သွားတာဗျ။ ဆေးရုံမဖွင့်ထားရသေးဘူးဗျ။ ဆေးရုံတွေ ဘာတွေဖွင့်လို့ရှိရင် လေကြောင်းတိုက်ခိုက်ခံရတာတွေ ဘာတွေ ဖြစ်လို့ဆိုပြီးတော့မှ အိမ်မှာပဲ ဆေးကုပေးနေတာဗျ။ အဲဒီဘက်မှာက ကလေးအများစုက ဝမ်းရောဂါဖြစ်နေကြတာ၊ အတည်ပြုလို့ရတာ ၁၁ ဦး၊ အဲဒီမှာမှ ဆရာဝန်မိသားစု ၃ ဦးပါတယ်၊ ဆေးလာကုတဲ့မိသားစု ၃ ယောက် ပါတယ်။ အဘွား ၂ ယောက် ပါတယ်။ ပကဖရဲဘော်ထဲက တယောက် ပါတယ်၊ ကလေးလည်း ပါသေးတယ်ဗျ၊ ဖြစ်တဲ့အချိန်က အလောင်း ဘာညာကို သဲသဲကွဲကွဲ မသိရဘူးဗျ။ ကျနော်တို့လည်း အစအန အကုန်လိုက်ကောက်ရတာ၊ စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူးပေါ့ဗျာ။”

ကျဆုံးခဲ့တဲ့ ဆရာဝန် ဒေါက်တာမြစိုးအောင်ဟာ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံမှာ တိုက်နယ် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ဇနီး ဒေါ်ခိုင်နှင်းဝေကတော့ သူနာပြုဆရာမ ဖြစ်ပါတယ်။

ပုလဲမြို့နယ်နေ ဒေါက်တာနန်းဝင်းက “ရင်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် နာကြည်း တယ်ဗျာ။ ကျနော်တို့ ဆရာဝန်တွေအနေနဲ့ ပြည်သူလူထုကို စောင့်ရှောက်မှုပေးနေတယ်ဆိုတာ ပြည်သူလူထုရဲ့ ဒုက္ခကို မမြင်ရက်လို့ ကိုယ် တတ်တဲ့ပညာနဲ့ တတ်စွမ်းတဲ့ဘက်ကနေ ဝန်ဆောင်မှု ပေးနေတာ။ သူတို့လည်း လက်လှမ်းမမီတဲ့နေရာတွေမှာ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနေတယ်။ ပြည်သူလူထုအတွက် ကောင်းကျိုးတွေ ဆောင်ရွက်ပေးနေတဲ့ ဆရာဝန် တယောက်အပေါ်မှာ ဒီလိုမျိုး လုပ်သွားတယ်ဆိုတာ ကျနော်တို့ကတော့ နာကြည်းတယ်ဗျာ။ ရွံရှာတယ်ပေါ့ဗျာ။ ကျင့်ဝတ်တွေ ဘာတွေညာတွေကို နားမလည်တဲ့ အကြမ်းဖက် စစ်ကောင်စီကိုလည်း သေချာပေါက် အမြစ်ပြတ်တွန်းလှန်မှ ကျနော်တို့အတွက် အဆင်ပြေတော့မယ်ဆိုတာ စိတ်ပိုင်းလုံးလုံးဆုံးဖြတ်မိတာပါပဲ” လို့ ပြောပါတယ်။

မြေပြင်မှာတော့ လောလောဆယ် လေကြောင်းတိုက်ခိုက်ခံရပြီးအချိန်မှာ ရွာသားတချို့တွေတော့ ရှောင်နေကြတာရှိသလို ရွာထဲမှာပဲ ပုန်းခိုကျင်းတူးပြီး နေကြတာလည်း ရှိပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကံရွာ၊ တောင်ခင်ရန်းရွာ၊ ကျွန်းတပ်ရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး နှမ်းခါးရွာကတော့ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

နှမ်းခါးရွာဟာ ဂန့်ဂေါမြို့နဲ့ ၁၅ မိုင်ဝန်းကျင်အကွာအဝေးမှာ တည်ရှိပြီး အိမ်ခြေ ၁၅၀၀ ဝန်းကျင်မှာ ၃ ပုံ ၂ ပုံဝန်းကျင်ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးတာကို ခံထားရပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “နှမ်းခါးမှာ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲနဲ့ ဆေးကုနေတဲ့ ဆေးခန်းတခုကို ဂျက်ဖိုက်တာနဲ့ ရက်ရက်စက်စက် ဗုံးကြဲချပြီး သတ်ဖြတ်ခဲ့တယ်ပေါ့ဗျာ။ အကြမ်းဖက်စစ်ရှုံးကောင်စီအနေနဲ့ သူ အသာရဖို့ဆိုရင် ဘာပဲ လုပ်ရလုပ်ရ၊ ဘာပဲ ကျူးလွန်ရကျူးလွန်ရပေါ့ဗျာ၊ တိုက်ပွဲနဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိဘဲနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာလည်း မဟုတ်ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ လူတွေလည်းမဟုတ်ဘဲနဲ့ စစ်မြေပြင်သုံး လက်နက်တွေကို အသုံးပြုပြီးတော့ ဝေဟင်ကနေ ကြဲချနေတာဟာ မြန်မာနိုင်ငံသားတယောက်အနေနဲ့ရော လူသားဖြစ်တည်မှုအနေနဲ့ စဉ်းစားကြည့်မယ် ဆိုရင်တောင်မှ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ ဖြစ်တယ်ဗျာ”လို့ ပြောပါတယ်။

မတ် ၁၈ ရက်ကစပြီး ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းတွေ ပြန်ထိုးနေတာ ဖြစ်ပါတယ်။ အချိန် ၁ နှစ်ခွဲနီးပါး လက်လွှတ်ထားပြီးနောက်မှ နည်းမျိုးစုံသုံးပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013