
ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မြို့မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆွေမျိုးတွေက မေ ၂၀ ရက်မှာ ငြိမ်းချမ်းတိတ်ဆိတ်စွာ ချီတက်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံထားရချိန်မှာ သေဆုံးမှုအတွက် တာဝန်ယူဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ချုပ်နှောင်ခံထားရချိန်မှာ သေဆုံးသွားတဲ့ ဗစ်တာဟူဂိုကယ်ရိုနဲ့ မေ ၁၇ ရက်က ကွယ်လွန်သွားတဲ့ အသက် ၈၂ နှစ်အရွယ် သူရဲ့မိခင် ကာမန်နာဗာ့စ်တို့ကြောင့် ဆန္ဒပြချီတက်ပွဲဖြစ်အောင် စေ့ဆော်ခဲ့တာလည်း ဖြစ်ပါတယ်။
ကာမန်နာ့ဗာ့စ်ဟာ သူ့သား ဘယ်ရောက်နေလဲဆိုတဲ့ အဖြေကိုရှာဖို့ ကြိုးစားရင်း သူ မကွယ်လွန်ခင် သူ့ဘဝရဲ့ နောက်ဆုံး ၁၆ လကို ကုန်ဆုံးခဲ့ရပါတယ်။
ဆန္ဒပြသူတွေက သူတို့ရဲ့ ပါးစပ်ကို အနက်ရောင်တိပ်နဲ့ ဖုံးအုပ်ထားပြီး အကျဉ်းထောင်ရေးရာ ဝန်ကြီးဌာနဆီ ချီတက်ခဲ့ကြတာပါ။
ဗင်နီဇွဲလား အမျိုးသားလွှတ်တော်အကြီးအကဲ ဟိုဟေးရိုဒရီဂက်ဇ်ကတော့ အကျဉ်းသား အယောက် ၃၀၀ ကို တနင်္လာနေ့ကနေ သောကြာနေ့အတွင်း အကျဉ်းထောင်ကနေ လွှတ်ပေးမယ်လို့ မေလ ၁၉ ရက်မှာ ပြောပါတယ်။
လွှတ်ပေးမဲ့သူတွေထဲမှာ ၂၀၀၃ ခုနှစ်ကစပြီး ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ၃ ယောက် ကျန်းမာရေး မကောင်းသူတွေနဲ့ အသက် ၇၀ ကျော်သူတွေ ပါဖို့ စီစဉ်ထားပါတယ်။
ယာယီသမ္မတ ဒယ်စီရိုဒရီဂက်ဇ်ရဲ့ ညီက ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့တဲ့ လွတ်ငြိမ်းခွင့်ဥပဒေထဲမှာ လူ ၃၀၀ ပါဝင်ခြင်း ရှိ၊ မရှိကို တိတိကျကျ မဖော်ပြခဲ့ပါဘူး။
ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ အချက်ကို အမြဲငြင်းဆိုခဲ့ပြီး အကျဉ်းကျခံနေရသူတွေက ရာဇဝတ်မှု ကျူးလွန်ခဲ့ကြတယ်လို့ ပြောပါတယ်။










