DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းမည်
DVB
·
March 20, 2025
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းမည်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့မဲဆွယ်ကတိကဝတ်အတိုင်း ပညာရေးဝန်ကြီးဌာနကို ပိတ်သိမ်းတဲ့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကို မတ် ၂၀ ရက်မှာ လက်မှတ်ထိုးမယ်လို့ အိမ်ဖြူတော်မှတ်တမ်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီအမိန့်ကို လက်မှတ်မထိုးခင်ကတည်းက ဒီမိုကရက်တွေ အာဏာရထားတဲ့ ပြည်နယ်တွေက ပြည်နယ်ရှေ့နေချုပ်တွေ စုပေါင်းပြီး ကြိုတင်ကန့်ကွက်ထားကြပါတယ်။

ထရမ့်ပ်က ပညာရေးဌာနကို မဖျက်သိမ်းအောင် ဟန့်တားဖို့နဲ့ ပြီးခဲ့တဲ့အပတ်က ကြေညာထားတဲ့ ပညာရေးဝန်ထမ်း ထက်ဝက်နီးပါး လျှော့ချမှုကို ရပ်တန့်ဖို့ တရားစွဲထားတာ ဖြစ်ပါတယ်။

ဦးဆောင်အရပ်ဘက်အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ NAACP ကလည်း ဒီအမိန့်ဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဝေဖန်ခဲ့ပါတယ်။

NAACP ဥက္ကဋ္ဌ ဒါးရစ် ဂျွန်ဆင်က “ထရမ့်ပ်ကို မဲပေးခဲ့တဲ့ မိဘတွေရှိတဲ့ ဆင်းရဲတဲ့ အသိုက်အဝန်းတွေ၊ ကျေးလက်အသိုက်အဝန်းတွေ  အပါအဝင် အရည်သွေးပြည့်မီတဲ့ ပညာရေးအတွက် ပြည်ထောင်စုရန်ပုံငွေကို မှီခိုနေရတဲ့ အမေရိကန် ကလေးငယ် သန်းပေါင်းများစွာအတွက် မှောင်မိုက်တဲ့ နေ့တနေ့ ဖြစ်ပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထရမ့်ပ်နဲ့ အစိုးရအကျိုးထိရောက်မှုဌာန အကြီးအကဲ အီလွန်မတ်စ်ခ်တို့ဟာ လွှတ်တော်အတည်ပြုချက် မယူဘဲ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လို အဖွဲ့အစည်းတွေနဲ့ ပရိုဂရမ်အများအပြားကို ပိတ်သိမ်းဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ ကက်ဘိနက်အဆင့် ဝန်ကြီးဌာနတခုကို ပိတ်သိမ်းဖို့ကတော့ ပညာရေးဌာနဟာ ပထမဆုံး ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။

လွှတ်တော်က ဥပဒေပြုမပေးဘဲနဲ့ ပညာရေးဝန်ကြီးဌာနကို အပြီးတိုင်ပိတ်သိမ်းလို့ မရတဲ့အတွက် ခက်ခဲမှုတော့ ရှိနိုင်ပါတယ်။

ထရမ့်ပ်ရဲ့ ရီပတ်ဘလီကန်ပါတီဟာ အထက်လွှတ်တော်မှာ အမတ်နေရာ ၅၃ နေရာ - ၄၇ နေရာနဲ့ လူများစု ဖြစ်နေပါတယ်။

ဒါပေမဲ့ ကက်ဘိနက်အဆင့် ဌာနတခုကို ဖျက်သိမ်းဖို့မှာတော့ မဲ ၆၀ အထိ လိုအပ်တဲ့အတွက် ဒီမိုကရက်ဘက်က ၇ ယောက်ပါ ထောက်ခံမှ ရနိုင်မှာဖြစ်ပါတယ်။

အထက်လွှတ်တော် ဒီမိုကရက်တွေကတော့ ပညာရေးဝန်ကြီးဌာန ဖျက်သိမ်းမှာကို ထောက်ခံတဲ့ သဘောထား မပြထားပါဘူး။

ပြင်ဆင်ထားတဲ့အမိန့်မှာ ပညာရေးဝန်ကြီးဌာနကို ပိတ်သိမ်းပြီးတော့ ပညာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ပြည်နယ်တွေကို ပြန်ပေးဖို့အရေး အဆင်ပြေချောမွေ့အောင်လို့ လိုအပ်တဲ့အဆင့်တွေ အားလုံးဆောင်ရွက်ဖို့ ပညာရေးဝန်ကြီး လင်ဒါမက်မာဟွန်းကို ညွှန်ကြားထားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်တွေ မှီခိုနေရတဲ့ ဝန်ဆောင်မှုတွေ၊ ပရိုဂရမ်တွေ၊ ခံစားခွင့်တွေ ထိထိရောက်ရောက်နဲ့ အကြားအလပ်မရှိ ဆက်လက်ပံ့ပိုးနိုင်ရေး သေချာအောင် ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

ကျန်ရှိနေသေးတဲ့ ပညာရေးဝန်ကြီးဌာန ရန်ပုံငွေ ရနေသေးတဲ့ ပရိုဂရမ်တွေ၊ လှုပ်ရှားမှုတွေဟာလည်း DEI နဲ့ ဂျန်ဒါ အိုင်ဒီယိုလော်ဂျီတွေ ဆက်လက်မလုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီဌာနဟာ တကယ့်လူလိမ်အလုပ်ကြီးလို့ ထရမ့်ပ်က ခေါ်ဝေါ်ခဲ့ပြီး ပထမသက်တမ်းကတည်းက ပိတ်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ လွှတ်တော်က သဘောမတူခဲ့ပါဘူး။

ပြည်ထောင်စုအစိုးရက ပညာရေးကို ထိန်းချုပ်ထားတာဟာ ကျောင်းသား၊ ဆရာ၊ မိဘတွေ အတွက် အလုပ်မဖြစ်ဘူးလို့ အိမ်ဖြူတော် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီဌာနဟာ ၁၉၇၉ ခုနှစ် စတင်ဖန်တီးချိန်ကစလို့ ဒေါ်လာ ၃ ထရီလီယံအထိ သုံးခဲ့ပေမဲ့ စံပြု စစ်ဆေးမှု ရမှတ်တွေနဲ့ တိုင်းတာမှုမှာ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို တိုးမလာစေခဲ့ဘူးလို့လည်း ဝေဖန်ထားပါတယ်။

ဒီဌာန မဖန်တီးခင်တုန်းက ပညာရေးဟာ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဆိုတဲ့ တပေါင်းတည်း ပေါင်းထားတဲ့ ဌာနအောက်မှာ ရှိခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013