
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) ၅ ပတ်ဝန်းကျင်မှာ စစ်ကောင်စီက ကတုတ်ကျင်းတွေတူးနေပြီး ဘန်ကာတွေ တည်ဆောက်နေတယ်လို့ စစ်သင်တန်းကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၁၈ ရက်ကစတင်ပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရတဲ့ လူငယ်တွေက ကွင်းကောက်ဒေသ တတက ၅ ပတ်ဝန်းကျင်မှာ ကတုတ်ကျင်းတွေ တူးခိုင်းပြီး ကတုတ်ကျင်းတူးနေတဲ့ စစ်မှုထမ်းလူငယ်တွေကို စစ်ကောင်စီလက်အောက်ခံ တပ်သားတွေက လက်နက်အပြည့်နဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
စစ်သင်တန်းကျောင်းနဲ့ နီးစပ်သူက “စကစ တပ်သားတွေက စောင့်ကြည့်နေတာ။ စစ်မှုထမ်း လူငယ်တွေကို တူးခိုင်းတာ။ လုံခြုံရေးက အနီရောင်အဆင့်ကြောင့် အရေးပေါ်တူးနေတာဆိုပြီး သိရတယ်။ စစ်တိုင်းမှူးက ညွှန်ကြားလို့ လုပ်တာ” လို့ ပြောပါတယ်။
အဲဒီ စစ်သင်တန်းကျောင်းရဲ့ ဝန်းကျင်မှာ အနက် ၄ ပေ၊ အလျား ၃၀၊ ၆၀၊ ၉၀ အထိရှိတဲ့ ကတုတ်ကျင်းတွေ တူးနေတာဖြစ်ပြီး ဘန်ကာ ၂၀ ထက်မနည်း ဆောက်နေတာလို့ ဆိုပါတယ်။
ကွင်းကောက်ဒေသခံတယောက်က “စကစက တော်လှန်ရေးတပ်တွေ၊ AA တွေ ဝင်လာမှာကို တော်တော်လေး ကြောက်နေတာ။ ဒါ့ကြောင့် အခုလိုလုပ်နေတာပါ။ အရင်က လုံခြုံရေးအတွက်ဆို အခုလိုအထိ လုပ်တာမရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီ ကွင်းကောက်ဒေသ စစ်သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်က စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းနဲ့အဖွဲ့ လာပြီး စစ်ဆေးကာ လုံခြုံရေး တိုးမြှင့်ထားဖို့ ညွှန်ကြားခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စစ်သင်တန်းကျောင်းရဲ့ ပတ်ဝန်းကျင်နေရာတွေမှာ ကတုတ်ကျင်းတွေ တူးနေတဲ့အပြင် အဓိကကျတဲ့ နေရာတွေမှာ CCTV ကင်မရာတွေကို တပ်ဆင်ဖို့၊ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို စနစ်တကျ စစ်ဆေး အသုံးပြုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။










