
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အမှတ် ၄၂၂ တပ်ရင်းထဲကို ဆုတ်ခွာသွားပြီးနောက် မီးလောင်ဗုံးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
အခုနှစ်စပိုင်းက အင်အားရာချီပြီး မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အမှတ် ၄၂၂ တပ်ရင်းထဲကို ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။
ဒီနောက် အဲဒီတပ်ရင်းထဲကနေ လက်နက်ကြီးတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြုကာ မိုးဗြဲမြို့ကို နေ့စဉ်ပစ်ခတ်နေလို့ နေအိမ်အများအပြား မီးလောင်ပျက်စီးနေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အစက သူတို့စဆုတ်တော့ ကာပစ် ပစ်တယ်ပဲ ထင်တာ။ သူတို့ ၄၂၂ ထဲ ရောက်သွားတာတောင် ဒီနေ့အထိ နေ့တိုင်း မီးလောင်ဗုံးတွေနဲ့ ပစ်နေတာ။ ဒီ မတ်လထဲကို အိမ်အလုံးပေါင်း ၃၀ ဝန်းကျင်လောက် မီးလောင်ပျက်စီးသွားပါပြီ။”
စစ်ကောင်စီ ဆုတ်ခွာသွားတဲ့ မတ် ၁၄ ရက်ကလည်း အမှတ် ၄၂၂ တပ်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဝါကီကောခူက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထပ်မံထိုးစစ်ဆင်ဖို့အတွက် အမှတ် ၄၂၂ တပ်ရင်းထဲမှာ ပြင်ဆင်မှုတွေ ပြန်လည်ပြုလုပ်နေပြီး သစ်ယာကုန်းဘက်မှာလည်း အင်အားဖြည့်တင်းမှုတွေ လုပ်နေတယ်လို့ KNDF ရဲဘော်တယောက်က ပြောပါတယ်။
“ဒီလမကုန်ခင်လောက် ပြန်ပြီး စစ်ကြောင်းထိုးလာနိုင်ခြေ ရှိတယ်။ လက်နက်ကြီးနဲ့တော့ နေ့တိုင်းပစ်နေတယ်။ ကျနော်တို့ကို ပိတ်ပြီးတိုက်ဖို့ လုပ်နေတယ်ဆိုတာ သိရတယ်။”
မတ် ၁၃ ရက်က စစ်ကောင်စီတပ်ဟာ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြား အသုံးပြုတိုက်ခိုက်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်သွားခဲ့ပါတယ်။
မတ် ၁၄ ရက်မှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ၁၅ ယောက် သေဆုံးကာ ၄၂၂ တပ်ရင်းထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။










