
မက္ကဆီကိုအလယ်ပိုင်း ဂွါနာဟွာတိုပြည်နယ်ရှိ ဆာလာမန်းကာမြို့မှာ မတ် ၁၆ ရက်က ဘီယာချက်စက်ရုံရဲ့ အပြင်ဘက်မှာ လက်နက်ကိုင်တိုက်ခိုက်မှုတခုကြောင့် အရွယ်မရောက်သေးသူ ၂ ယောက် အပါအဝင် လူ ၇ ယောက် သေဆုံးပြီး တခြား ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ စက်ရုံအပြင်ဘက်မှာ စုဝေးနေခဲ့ကြတဲ့ လူငယ်အုပ်စုတစုကို ပစ်မှတ်ထားပြီး လက်နက်ကိုင် တိုက်ခိုက်သူတွေဟာ မောင်းနှင်ရွေ့လျားနေတဲ့ မော်တော်ယာဉ်တစီးကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဆာလာမန်းကာ မြို့ခံတွေဟာ အသက် ၁၈ နှစ်ကနေ ၂၀ ဝန်းကျင် လူငယ်လေးတွေကို ဆုံးရှုံးရတဲ့ သူတို့မိသားစုတွေ အားလုံးအတွက် ဝမ်းနည်းကြေကွဲမှုကို ထုတ်ဖော်ခဲ့ကြပြီး ဒီလိုအဖြစ်ဆိုးတွေကို အစိုးရအနေနဲ့ တားဆီးပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
သေဆုံးသူတွေဟာ ရာဇ၀တ်ဂိုဏ်းတွေနဲ့လည်း ဆက်စပ်မှုမရှိဘူးလို့ ဒေသခံတွေက ပြောကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
အာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဖမ်းဆီးရမိခြင်း မရှိခဲ့ပါဘူး။
Source : Reuters