
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက မြဝတီမြို့ကို ထိုးဖောက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ထိုးစစ်ဆင်နေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းဟာ မြဝတီမြို့ကို ထိုးဖောက်နိုင်ဖို့ အာရှလမ်းနဲ့ ရန်ကုတ် (လမ်းဟောင်း) ဘက်ကနေ နည်းလမ်းပေါင်းစုံသုံးပြီး ထိုးစစ်ဆင် ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိနေပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “ပွဲကတော့ တောက်လျှောက်ဖြစ်နေတယ်။ သူတို့(စစ်ကောင်စီ) လူအင်အားဖြည့်တယ်။ တိုးလာတယ်။ ဒရုန်းနဲ့ပစ်တယ်။ ပြီးတော့ ဖရိုဖရဲဖြစ်ပြီး ပြန်သွားတယ်။ ဒါက နေ့စဉ်လိုလိုဖြစ်နေတာ။ ဟိုရက်ကဆိုရင် သူတို့တွေ တော်တော်တိုးလာတယ်။ ကျနော်တို့ ပူးပေါင်းစစ်ကြောင်းက ရဲဘော်တွေ ၂ ယေက် ၃ ယောက်ကျတာမျိုး ရှိတယ်။ အာရှလမ်းတကြောလုံးမှာ နေရာယူထားတဲ့နေရာတိုင်း နေ့စဉ် ထိတွေ့မှုဖြစ်နေတယ်” လို့ ပြောပါတယ်။
မတ်လဒုတိယပတ်ကစပြီး စစ်ကောင်စီစစ်ကြောင်းတွေက ပျားပင်၊ ခနိမ်းမူ၊ တတန်ကူး၊ ဆင်ကုန်း၊ ကော့နွဲကျေးရွာတကြောကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ကင်းထောက်ပြီး ဒရုန်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ခနိမ်းမူနဲ့ ပျားပင်ကျေးရွာကို ထိုးစစ်ဆင်ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတောက်လျောက် ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာလည်း ကော့ကရိတ်မြို့အပါအဝင် အနီးအနားကျေးရွာက သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူ တွေဟာ ဘားအံ၊ မော်လမြိုင်၊ သာမညနဲ့ ဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “ဒေသခံတွေရဲ့အခြေအနေက လက်ရှိမှာ အင်မတန်မှ ခက်ခဲတယ်။ ဘာမှ လုပ်လို့မရဘူး။ ပြီးတော့ စားဝတ်နေရေးတွေ ခက်ခဲလာတယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး ခက်ခဲလာတယ်။ ဝင်ငွေရနိုင်တဲ့ အခွင့်အရေးတွေ၊ အလုပ်အကိုင်တွေ ရှားပါးလာတယ်။ ပြည်သူလူထုတွေအတွက်က ကြာလေပိုဆိုးလာလေ ပြောရမယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီနောက်ဆုံးအပတ်က ကော့နွဲကျေးရွာအနီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ် ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ခြေ ၈၀ နီးပါးရှိတဲ့ ကော့နွဲကျေးရွာကို ၄ ကြိမ်မြောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါအပြင် မတ် ၂ ရက်နေ့ ည ၁၀ နာရီကျော်လောက်ကလည်း နန်းရွှေမှုံကျေးရွာကို စစ်ကောင်စီတပ်ဘက်က မစ်ဇိုင်းလက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ၁ လုံး မကွဲဘဲ ကျန်ရှိနေပါတယ်။ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ထိခိုက်သူမရှိခဲ့ပါဘူး။