
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာ အုန်းတော ရွာထိပ်ပိုင်းကို ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်မှာ စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်တပ်က သာလွန်အင်အားနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေပါတယ်။
လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို နေ့တိုင်းလိုလို ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်နေတာပါ။
ဒေသခံတယောက်က “အုန်းတောက မနေ့ကတရက်ပဲငြိမ်တာ။ ဒီနေ့ဆိုလို့ရှိရင် အိမ် ၄ လုံး ပါသွားတယ်။ အရင်ဦးဆုံးက လေယာဉ်လာကြဲတာ။ ညီမတို့ထင်တာက လေယာဉ်များ ချသွားလို့လားပေါ့။ လေယာဉ်ကကျတော့ ညီမတို့ရွာနဲ့ဝေးတဲ့ ရသေ့ဂူဘက်တွေ ကြဲသွားတာ။ လေယာဉ်လာကြဲပြီး နည်းနည်းကြာလောက်မှ ဒုန်းဆိုပြီး အသံ ၁ လုံးကြားတယ်။ မီးလောင်ဗုံးတွေကျတော့ အသံမကျယ်ဘူး၊ ၁ မိနစ်လောက်နေမှ မီးခိုးတွေထွက်မှ လောင်မှန်းသိတာ” လို့ ပြောပါတယ်။
စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့လို့ မီးလောင်တဲ့ နေအိမ်တွေကို အုန်းတောဘုန်းကြီးကျောင်းမှာ ရောက်ရှိခိုလှုံနေတဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ် ၄ လုံးပဲ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းကလည်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းလက်ပံကျေးရွာ၊ အုန်းတောလမ်းက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က ဒုတိယအကြိမ် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ညပိုင်းမှာ ထပ်မံပြီး မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖာပွန်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာလည်း စစ်တပ်ကဗုံးကြဲလို့ လူ ၄ ယောက်သေဆုံးခဲ့သလို ဆက်ပြီးတော့ ဗုံးကြဲနေတာကြောင့် ရွာ ၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဧပြီ ၁၅ ရက်နဲ့ ၁၆ ရက်က ဖာပွန်ခရိုင်၊ လူသောမြို့နယ်က ခင်ပါရွာကို စစ်တပ်က လေကြောင်း ကနေ အပြင်းအထန်တိုက်ခိုက်ခဲ့သလို ဗုံးပါကြဲခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဧပြီ ၁၇ ရက် မှာ ထုတ်ပြန်ပါတယ်။










