DVB Logo
Home
Lead Story
အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို  (၄-၂) ဂိုးဖြင့် အနိုင်ရ 
DVB
·
June 18, 2026
အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို  (၄-၂) ဂိုးဖြင့် အနိုင်ရ 
1 / 4
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (L) အဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့  ခရိုအေးရှားအသင်းတို့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ   ဒဲလက်စ်အားကစားကွင်းမှာ ဒေသအချိန် ဇွန် ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ  အင်္ဂလန်အသင်းက (၄-၂) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

နည်းပြ တူချယ်ရဲ့ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းမှာ ဟာရီကိန်းက ၂ ဂိုး၊ ဒုတိယပိုင်းမှာ ဘယ်လင်ဟမ်နဲ့ မာကပ်စ်ရက်ရှ်ဖို့ဒ်တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ပြီး အုပ်စုအဖွင့်မှာ အင်္ဂလန်အသင်း နိုင်ပွဲရ ၃ မှတ်ယူပြီး အဖွင့်လှသွားခဲ့ပါတယ်။

ဒီပွဲ ပထမပိုင်း ပွဲချိန် ၁၂ မိနစ်မှာ လူကာမိုဒရစ်က နိုနီမာဒူအေကီကို ဖျက်ထုတ်ရာမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ပင်နယ်တီပေးခံခဲ့ရပါတယ်။ ဟာရီကိန်းရဲ့ ပထမ ပင်နယ်တီ ကန်သွင်းချက်ကို ခရိုအေးရှား ဂိုးသမား ဒိုမိုနစ် လီဗာကိုဗစ်က ကာကွယ်နိုင်ခဲ့ပေမဲ့ ဂိုးစည်းကျော်နေခဲ့တယ်ဆိုပြီး  ဒုတိယအကြိမ်ပြန်ကန်တာမှာ ဂိုးဝင်သွားလို့ အင်္ဂလန်အသင်း ဦးဆောင် အဖွင့်ဂိုးရသွားပါတယ်။ 

ပွဲချိန် ၃၆ မိနစ်မှာတော့ ခရိုအေးရှားအသင်းအတွက် ချေပဂိုးကို မာတင် ဘာတူရီနာက ဧရိယာအစပ်ကနေ အပြင်းကန်သွင်းကာ ဂိုးရယူခဲ့ပေးခဲ့ပါတယ်။

ဒီနောက် ပွဲချိန် ၄၂ မိနစ်မှာတော့ ဒက်ကလန် ရိုက်စ်ပေးပို့တဲ့ ထောင့်ကန်ဘောကို  လူကပ်မခံထားရတဲ့  ဟာရီကိန်းက ခေါင်းတိုက်သွင်းပြီး အင်္ဂလန်အတွက် ဦးဆောင်ဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အိုင်ဗန်ပီရီဆစ်ရဲ့  ခေါင်းတိုက်ဖန်တီးမှုကနေ တဆင့် ပီတာမူဆာက အနီးကပ် ပိတ်သွင်းယူခဲ့လို့ ခရိုအေးရှား အသင်းချေပဂိုး ထပ်ရသွားပြီး ပထမပိုင်းအပြီးမှာ တဖက် ၂ ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစ ပွဲချိန် ၄၇ မိနစ်မှာတော့ အင်္ဂလန်အသင်း အရှိန်အဟုန်မြှင့်တင်ကစားလာပြီး  ဘယ်လင်ဟမ်က ညာခြမ်းမှတဆင့် တဖက်ဂိုးဧရိယာအတွင်းသို့ ဆွဲဝင်ကာ အဝေး ဂိုးတိုင်ထောင့်သို့ ကန်သွင်းယူကာ တတိယမြောက်ဂိုးကို သွင်းပေးသွားပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့  လူစားဝင်ကစားသမားတွေဖြစ်တဲ့  ဘူကာယို ဆာကာနဲ့ မာကပ်စ် ရက်ရှ်ဖို့ဒ်တို့ အတွဲညီညီနဲ့ ကစားသွားခဲ့ကြပြီး ရက်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းအတွက် စတုတ္ထမြောက်   ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ ဂိုးပေါက်တည့်ခဲ့တဲ့ ပထမဆုံး ကန်ချက် ၂ ကြိမ်စလုံးမှ ဂိုးတွေရယူကာ အင်္ဂလန်အသင်းကို ၂ ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းက ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး    ထောင့်ကန်ဘောက တဆင့် နီကိုအိုရီလီ၊ အန်သိုနီဂေါ်ဒွန်နဲ့ အက်ဇ်ရီ ကွန်ဆာတို့ရဲ့ ကန်ချက်တွေကို  ခရိုအေးရှား ဂိုးသမား ဒိုမိုနစ် လီဗာကိုဗစ်ရဲ့ လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။

ခရိုအေးရှားအတွက် ၁၉၉ ပွဲမြောက် ပွဲစဉ်အဖြစ် ကစားပေးခဲ့တဲ့  ဝါရင့်ကစားသမား လူကာ မိုဒရစ်ကတော့ ပွဲချိန် ၅၈ မိနစ်ထိကစားသွားပြီး  လူစားလဲသွားခဲ့ပါတယ်။

နည်းပြ သောမတ်စ် တူချယ်က "ပထမပိုင်းတုန်းကတော့ ကစားပုံက စိုးရိမ်စိတ်များနေပြီး အရှိန်အဟုန်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ပြန်ပေးတဲ့ ဘောလုံးတွေ အရမ်းများခဲ့တယ်။ ဘောလုံးမရှိတဲ့ အနေအထားမှာတောင် ကျနော်တို့ လုံလောက်တဲ့ သတ္တိမျိုး မပြနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်းမှာ ကစားသမားတွေရဲ့ တုံ့ပြန်ပုံကိုတော့ ကျနော်သဘောကျမိပါတယ်။ အရှိန်ရဖို့ ခေတ္တစောင့်ခဲ့ရပေမဲ့ နောက်ဆုံးမှာ အရှိန်ရသွားခဲ့ပြီး ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့ အချက်ပါပဲ"လို့  ITV သို့ ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်း ဝိန်းရူနီက “ကျနော် အချိန်အတော်ကြာအောင် မြင်တွေ့ခဲ့ရတဲ့ ပြိုင်ပွဲတွေရဲ့ အဖွင့်ပွဲစဉ်တွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲတပွဲပါပဲ"လို့  ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု (L)ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး နောက်ထပ် ဂါနာအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Source: SkySports

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013