
ရန်ကုန်မှာ ဆေးလာကုပြီး နေရပ်ပြန်လာတဲ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်က ဆေးရုံဆင်း လူနာနဲ့မိသားစုဝင်တွေကို တင်လာတဲ့ ကျိုက်လတ်မြို့က လူမှုကူညီရေးအသင်း ကားတစီး မတ် ၁၄ ရက် ညနေက ရန်ကုန်မြို့၊ သခင်မြပန်းခြံမီးပွိုင့်အနီးမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး လူနာသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
အဲ့ဒီကားပေါ်မှာ ဆေးရုံဆင်းလူနာ အမျိုးသားအပါအဝင် အမျိုးသား ၅ ယောက်၊ အမျိုးသမီး တယောက် လိုက်ပါလာပြီး ယာဉ်မတော်တဆမှုကြောင့် ဆေးရုံဆင်းလူနာအမျိုးသားဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“လူနာတင်ကားက လမ်းဘေး အပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါ ဆေးရုံဆင်းလူနာ ဆုံးသွားတာ။ ဒဏ်ရာရရှိသူတွေလည်းရှိတယ်။ ဆေးရုံပို့ထားပါတယ်” လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အလုံ၊ ကြည့်မြင်တိုင်မြို့နယ်က လူမှုကူညီရေးအသင်းအဖွဲ့တွေ သွားရောက်ကူညီခဲ့ပြီး သေဆုံးသူရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ် ၁၄ ရက် ည ၉ နာရီလောက်ကလည်း ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းလမ်း မီးပွိုင့်လမ်းဆုံအနီးမှာ အိမ်စီးကား ၂ စီး တိုက်မိလို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။










