
ထိုင်း-မြန်မာနယ်စပ်တလျှောက် အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ တိုက်ပွဲတွေ အရှိန်လျှော့ဖို့ အလိုရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ပြောကြား လိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟဆတ် ဖွန်ကတ်ကယောက်က ဧပြီ ၂၂ ရက်က နေပြည်တော်မှာ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ မြန်မာစစ်လေယာဉ်က ထိုင်းပိုင်နက်အတွင်း ဗုံးကြဲချခဲ့တဲ့ ကိစ္စကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းက ဗုံးတလုံးဟာ သံလွင်မြစ်အနီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်ထဲကို ကျရောက်ခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဒေသခံတွေ ကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အဆုံးသတ်နိုင်တာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထိုင်းနိုင်ငံက ယုံကြည်တဲ့အကြောင်းပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ၊ အထူးသဖြင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ ထိုင်းနိုင်ငံအတွင်းသို့ ပိုမိုစီးဝင်လာတဲ့ မူးယစ်ဆေးဝါးတွေ တားဆီးရေး၊ ရေနဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ် လို့ ဆိုပါတယ်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းမှု ကိစ္စဟာလည်း အလွန်စိုးရိမ်ရတဲ့ ကိစ္စရပ်ဖြစ်လို့ ထိုင်း၊ မြန်မာနဲ့ လာအို ၃ နိုင်ငံစလုံး အရေးပေါ်ကိစ္စရပ်တခုအဖြစ် ပူးပေါင်း ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးက ၂ နိုင်ငံစလုံးအတွက် အရေးကြီးပြီး ထိုင်း-မြန်မာ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၈၀ ရာခိုင်နှုန်းရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ဖို့ ထိုင်းဘက်က အလိုရှိနေကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေအများကြီးရှိနေတာကို ထိုင်းနိုင်ငံက သတိပြုမိတာကြောင့် မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေအတွက် နည်းလမ်းတွေကို စဉ်းစားနေတယလို့သိရပါတယ်။
အခု နေပြည်တော် ခရီးစဉ်ဟာ ၂ နိုင်ငံဆက်ဆံရေးမှာ အခန်းကဏ္ဍသစ်တခုကို ဖွင့်လှစ် ပေးနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ပေမဲ့ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်းနဲ့ ဒီကိစ္စကို ထိုင်းနိုင်ငံအနေနဲ့ ဦးဆောင်ကဏ္ဍမှ ပါဝင်လိုတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မြန်မာစစ်အာဏာရှင်အနေနဲ့ အာဆီယံနဲ့ အပြည့်အဝ ပြန်လည်ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိမီ အာဆီယံအဖွဲ့ကြီးရဲ့ စိုးရိမ်ပူပန်မှုတွေ တုံ့ပြန်ဆောင်ရွက်ပေးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
အာဆီယံနဲ့ မြန်မာစစ်အာဏာရှင်တို့အကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံက ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါချင်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာခရီးစဉ် မတိုင်ခင် ကလည်း ပြောခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံသို့ ပြန်လည်ဝင်ရောက်စေလိုပြီး ဒီရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေဖို့ တဆင့်ချင်း ချဉ်းကပ်ဆောင်ရွက်တဲ့ မူဝါဒကို ကျင့်သုံးနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းအတည်ပြုပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာတက်ခွင့်မပေးဘဲ ဖယ်ထုတ်ထားပြီး နိုင်ငံတချို့က ဆက်ဆံနေတာ ရှိပေမဲ့ အာဆီယံတဖွဲ့လုံးအနေနဲ့တော့ အခုအချိန်အထိ စစ်အာဏာရှင်အစိုးရကို တရားဝင် အသိအမှတ် မပြုရသေးပါဘူး။
အာဆီယံခေါင်းဆောင်တွေဟာ လာမဲ့လကျရင် ဖိလစ်ပိုင်နိုင်ငံမှာ ထိပ်သီးအစည်းအဝေးတရပ် ကျင်းပမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်မင်းအောင်လှိုင်ကတော့ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်ဖို့ ကြိုးစာသွားမယ်လို့ ပြောထားပါတယ်။
မြန်မာနှစ်သစ်ကူးနေ့က နိုင်ငံရေးသမားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိုင်းနိုင်ငံက ပါဝင်ကူညီဆောင်ရွက် ပေးသွားဖို့၊ နှစ်နိုင်ငံ အကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနဲ့ ကုန်ထုတ် လုပ်မှုလုပ်ငန်းတွေ ဘက်စုံ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်အဏာရှင်ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အာဏာရှင် ဒုတိယသမ္မတ ဦးညိုစောနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးသန်းဆွေတို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၂၁ ရက်ညနေက နေပြည်တော်သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး ဧပြီ ၂၂ ညနေပိုင်းမှာ ထိုင်းနိုင်ငံသို့ အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွား ပါတယ်။
Source: Reuters/The Nation/ MOI










