
USAID အစီအစဉ် ၅,၀၀၀ ကျော်ကို ပယ်ဖျက်ကြောင်း သမ္မတထရမ့်ပ်က ကြေညာပြီးနောက် မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ပြန်လည်ရရှိဖို့ အမေရိကန်ရောက် မြန်မာတွေက ကွန်ဂရက်ကို စာပေးပို့တင်ပြဖို့ ကြိုးစားနေပါတယ်။
အမေရိကန်နိုင်ငံက နိုင်ငံတကာကို ထောက်ပံ့နေတဲ့ လူသားစာနာနဲ့ဖွံဖြိုးရေး USAID အကူအညီတွေထဲက အစီအစဉ် ၅,၂၀၀ ကို ပယ်ဖျက်ပြီး အစီအစဉ် ၁,၀၀၀ ခန့်သာ ကျန်ရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ဒေသစံတော်ချိန် မတ် ၁၀ ရက်က သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
အကူအညီအားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကို ပယ်ဖျက်ခဲ့တာဖြစ်ပြီး ကျန်နေတဲ့ ၁၈ ရာခိုင်နှုန်းကိုတော့ လွှတ်တော်နဲ့ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်မယ်လို့ မာကိုရူဘီအိုက ဖော်ပြထားပါတယ်။
မာရိုရူဘီအိုဆီက ကြေညာချက်ထွက်ပြီးနောက် ကွန်ဂရက်လွှတ်တော် ဒီမိုကရေစီအရေး ရန်ပုံငွေထောက်ပံ့ရေးဆိုင်ရာအဖွဲ့ National Endowment for Democracy (NED) က မတ် ၁၀ ရက် နေ့စွဲနဲ့ ရန်ပုံငွေပြန်လည်ရရှိရေး ကနဦးခြေလှမ်းတွေကို ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။
လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M မှ ဂျိမ်းစ်ရွှေက “အမေရိကန် Safer, Stronger and More prosperous ဆိုတာလေ၊ မာကိုရူဘီအို ပြောထားတယ်မှတ်လား၊ အဲဒီအတိုင်းပေါ့၊ အမေရိကန်ကို ပိုလုံခြုံအောင်လုပ်မယ်၊ ပိုပြီးတော့ အင်အားကောင်းအောင်လုပ်မယ်၊ ပိုပြီးတော့ ချမ်းသာအောင်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ကျနော်တို့ကို ကူရင် ဖြစ်နိုင်ပါတယ်ပေါ့။ အဲဒါမျိုး စာရေးပြီးတော့ ပို့ဖို့ လက်မှတ်ထိုးဖို့ ဖြန့်ထားပြီနော်၊ အကုန်လုံးတောင်းထားတယ်။ အဲဒီစာကို ၂ မျိုး ပို့မှာပေါ့ဗျာ။ အဖွဲ့အစည်းတွေက ထောက်ခံတဲ့ဟာကို ကွန်ဂရက်က နိုင်ငံတကာရေးရာတို့၊ နိုင်ငံတကာဆက်ဆံရေးတို့ Appropriation တို့ ကော်မတီကလူတွေ၊ ဥက္ကဋ္ဌရယ် ပြီးတော့ အလုပ်အမှုဆောင် ကော်မတီဝင်တွေရယ်။ ပြီးတော့မှ ကျနော်တို့ မြန်မာတွေ တဦးချင်းကို ကွန်ဂရက်မှာ အမတ် ၃၄၅ ယောက်ရှိတယ်၊ ဆီးနိတ်မှာ ၁၀၀ ရှိတယ်ဆိုတော့ အဲ့ဒါတွေ အကုန်လုံးကိုလည်း ကျနော်တို့က လိုက်ပို့ဖို့ အဆက်အသွယ် ရှိချင်မှရှိမယ်။ မြန်မာအများစုပြီးတော့ ကိုယ့်ရဲ့ကိုယ်စားလှယ်ကို ကိုယ်ပို့မယ်ဆိုရင်တော့ ပိုထိရောက်မယ်ထင်လို့လေ။ အဲဒီတော့ အဲဒါ စလုပ်ထားပြီဗျာ” လို့ ပြောပါတယ်။
USAID က မြန်မာပြည်အတွက် ထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ လူသားစာနာ၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လူတယောက်ရှင်သန်ရေးမှာ အခြေခံကျတဲ့ အရာတွေကို ကူညီနေတာ ဖြစ်ပါတယ်။
၁၉ ရာခိုင်နှုန်းဝန်းကျင်ကတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ မီဒီယာ စတာတွေကို ကူညီထောက်ပံ့နေတာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကတော့ မြေပြင်လိုအပ်ချက်အပေါ် မူတည်ပြီး ကူညီတဲ့နေရာတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် USAID ရဲ့ ခန့်မှန်းလျာထား အသုံးစရိတ်ကို စုစုပေါင်းဒေါ်လာ ၂၅၉ သန်းလောက် သုံးစွဲဖို့ မူလက လျာထားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အကုန်လုံးနီးပါး ရပ်ဆိုင်းထားတဲ့ အခြေအနေ ဖြစ်နေတာပါ။
Alliance for Democracy in Myanmar အဖွဲ့မှ ဒေါ်ခင်သီရိနန္ဒာစိုးက “Emergency နောက် Life Saving ကိစ္စတွေ၊ တချို့ကကျတော့ နာတာရှည် အခြေအနေတွေ ရှိတယ်လေ။ ရေရှည် ဆေးဝါးအကူအညီ ယူနေရတဲ့လူတွေ ရှိတယ်။ အဲဒါတွေဆိုရင်တော့ သူတို့ကို သေမိန့်ပေးလိုက်သလိုမျိုး ဖြစ်သွားတယ်။ ဒုက္ခသုက္ခတွေကို ခါးစည်းခံနေရတဲ့ လူသားတွေကို စိတ်ရှည်သည်းခံဖို့အတွက်ကို ပြောရတယ် ဆိုတာက ပြောရတဲ့လူမှာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ကိုယ့်အနေနဲ့ ခုနကပြောသလို လုပ်သင့်လုပ်ထိုက်တာတွေကို စိတ်ဓာတ်မကျဘဲနဲ့ ဆက်ပြီးတော့ သွားဖို့ဟာကိုတော့ ကျမ အဓိက ဇောင်းပေးတယ်၊ Focus လုပ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် USAID ရဲ့ နိုင်ငံတကာကို ပေးနေတဲ့ အကူအညီတွေကို ယာယီရပ်ဆိုင်းပြီး ရက် ၉၀ အတွင်း ပြန်လည်သုံးသပ်ဖို့ အစီအစဉ် ဖြစ်ပေါ်ခဲ့တာပါ။
ရက် ၉၀ မပြည့်ခင်မှာပဲ USAID အစီအစဉ်အများစုကို ပယ်ဖျက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ကြေညာခဲ့တာဖြစ်ပြီး လွှတ်တော်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ လက်ကျန်ပမာဏဟာလည်း နည်းပါးလွန်းတဲ့အတွက် ဝေဖန်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အကူအညီတွေ ပြန်ရမယ်ဆိုရင်တောင် လွှတ်တော်နဲ့ အစိုးရအကြား အချေအတင် အားပြိုင်တာမျိုးတွေ ရှိလာနိုင်ပြီး အချိန်တခု ကြာမြင့်နိုင်တဲ့အတွက် အရေးပေါ် အကူအညီ လိုအပ်နေတဲ့ နိုင်ငံတကာ ဒုက္ခသည်တွေအတွက် ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
သုတချမ်းသာ










