DVB Logo
Home
မြန်မာသတင်း
ILO က စစ်ကောင်စီကို အရေးယူပေးရန် ကမ်ပိန်းကြောင့် အလုပ်သမားသမဂ္ဂအချို့ စစ်မေးခံရ
DVB
·
March 13, 2025
ILO က စစ်ကောင်စီကို အရေးယူပေးရန် ကမ်ပိန်းကြောင့် အလုပ်သမားသမဂ္ဂအချို့ စစ်မေးခံရ
Donate to DVB

ILO က စစ်ကောင်စီကို အရေးယူဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မှာ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်တဲ့ ကမ်ပိန်းလှုပ်ရှားမှု ကြောင့် အလုပ်သမားအဖွဲ့နဲ့ အလုပ်သမားသမဂ္ဂတချို့ စစ်ဆေးမေးမြန်းခံနေရတယ်လို့  ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပုဒ်မ ၃၃ (Article 33) အရ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ရွှေပြည်သာ၊ တောင်ဒဂုံစက်မှုဇုန် စတဲ့ နေရာတချို့မှာ တောင်းဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုပုံတွေ ထွက်လာပြီးနောက်မှာ အဲဒီစက်မှုဇုန်တွေက အလုပ်သမားသမဂ္ဂတွေကို မြို့နယ်အလုပ်သမားရုံးကနေ ခေါ်ယူစစ်ဆေးတာမျိုး ရှိနေတာလို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အလုပ်သမားအဖွဲ့ ခေါင်းဆောင်တယောက်က “အဲဒီလိုတောင်းဆိုတာ ဘယ်သူလုပ်တာလဲ၊ ဘယ်အဖွဲ့လဲ၊ အဆက်အသွယ်ရှိလား ဆိုပြီးမေးတယ်။ ဒီမြို့နယ်ထဲမှာ ဒီလိုတောင်းဆိုတဲ့ပုံတွေ တက်လာတော့ ဒီကသမဂ္ဂတွေ လုပ်တာလို့ပဲ သူတို့က ထင်နေတာ” လို့ ပြောပါတယ်။

အဲဒီလို ကမ်ပိန်းတွေ လုပ်လာပြီးနောက်မှာ မြေပြင်ရှိ အလုပ်သမားအဖွဲ့တွေနဲ့ သမဂ္ဂတွေ သတိထား စောင့်ကြည့်ခံနေရတယ်လို့လည်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တချို့က ဆိုပါတယ်။

ILO ကနေ Article 33 နဲ့ အရေးယူပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုကို အလုပ်သမားအဖွဲ့ချုပ် တချို့နဲ့ သပိတ်အင်အားစုတွေက စက်မှုဇုန်တွေအပြင် ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာပါ ဓာတ်ပုံကမ်ပိန်းအနေနဲ့ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက သပိတ်စစ်ကြောင်းနဲ့ နိုင်ငံတကာရောက် မြန်မာတွေကလည်း ILO ရဲ့ Article 33 နဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုတွေ ကျူးလွန်နေတယ်လို့ ILO က စစ်ဆေးတွေ့ရှိထားကာ ပုဒ်မ ၃၃ အရ အရေးယူဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အရေးယူဖို့အတွက် မတ်လထဲပြုလုပ်မယ့် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်သွားဖို့ရှိသလို အဲဒီဆုံးဖြတ်ချက်ကို ဇွန်လထဲ ပြုလုပ်မယ့် ILO ညီလာခံမှာ အတည်ပြုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013