DVB Logo
Home
မြန်မာသတင်း
ညောင်ကျိုးတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဒဏ်ရာရစစ်သားများကို ဥသျှစ်ပင်သို့ ပို့နေ
DVB
·
March 13, 2025
ညောင်ကျိုးတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဒဏ်ရာရစစ်သားများကို ဥသျှစ်ပင်သို့ ပို့နေ
Donate to DVB

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲ မတ် ၁၂ ရက်အထိ ပြင်းထန်နေဆဲဖြစ်ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သား အများအပြားကိုလည်း ဥသျှစ်ပင်မြို့ဘက်ကို ရွှေ့ပြောင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ညောင်းကျိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေ အပြင်းအထန် ပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ညောင်ကျိုးတိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်တယ်။ စစ်ကောင်စီဘက်ကတော့ တော်တော်လေးကို အထိနာပြီးတော့ လူနာတွေကိုလည်း ဥသျှစ်ပင်မြို့ကို ရွှေ့ပြောင်းနေတယ်။ ညောင်ကျိုးကို စစ်ကူပို့နိုင်တာမျိုး မရှိတော့ဘဲ ညောင်ခြေထောက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေလောက်ပဲ ပေးနိုင်တော့တယ်” လို့ ပြောပါတယ်။

အခု တိုက်ပွဲပြင်းထန်နေကြတဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၆) ညောင်ခြေထောက်နဲ့ ၁၁ မိုင်ဝန်းကျင်ခန့်သာ အကွာအဝေး ရှိတော့တာကြောင့် စစ်ကောင်စီက ညောင်ခြေထောက်မှာ ခံစစ်အခိုင်အမာ ပြင်ဆင်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ပဲခူးတိုင်းရဲ့ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ ကပစ စက်ရုံတွေကို ဦးတည် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

ညောင်ကျိုးစခန်း မကျစေဖို့အတွက် စစ်ကောင်စီက ရန်ကုန်အခြေစိုက် မှော်ဘီရှိ တပ်ရင်း ၄ ခုက စစ်ကောင်စီသား ၁၂၀ နီးပါးခန့်ကို မတ်လအစောပိုင်းက ပို့ဆောင်ခဲ့ပြီး အင်အားဖြည့် ခုခံနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ တောင်ကုတ်မြို့နယ် အဆုံးက မိုးထိတောင်စခန်းကို သိမ်းပိုက်ပြီးနောက် ပဲခူးတိုင်းက တောင်ပုံကြီးစခန်း၊ ပန်းကန်ကွဲစခန်း အပါအဝင် တပ်စခန်း ၄ ခုထက် မနည်းကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013