DVB Logo
Home
မြန်မာသတင်း
နတ်ရေကန် ဗျူဟာစခန်းက စခန်းကုန်းအချို့ကို AA သိမ်းပိုက်၊ တိုက်ပွဲပြင်းထန်နေ
DVB
·
March 12, 2025
နတ်ရေကန် ဗျူဟာစခန်းက စခန်းကုန်းအချို့ကို AA သိမ်းပိုက်၊ တိုက်ပွဲပြင်းထန်နေ
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် ဗျူဟာစခန်းရှိ စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ နေရာတချို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး နတ်ရေကန် ဗျူဟာစခန်းရှိ ပင်မကုန်းကို တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နတ်ရေကန်စခန်းရှိ လင်းတဲရွာနဲ့ နတ်ရေကန်ဗျူဟာစခန်းအောက် တောင်ကုန်းတချို့ကို ဒီရက်ပိုင်းမှာ သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိမှာ နတ်ရေကန်ဗျူဟာရဲ့ ပင်မစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ နတ်ရေကန်စခန်းအောက်က လင်းတဲရွာ အပါအဝင် စစ်ကောင်စီ တပ်စွဲထားတဲ့ တောင်ကုန်းတချို့ သိမ်းပိုက်လိုက်တာရှိတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုက အပြင်းထန်ဆုံး အခြေအနေမှာရှိတယ်။ စစ်ကောင်စီဘက်က ထွက်ပြေးနေကြတဲ့ စစ်သားတွေလည်း အများအပြားရှိတယ်။”

နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၃ ရက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ကံမြင့်ကန်၊ ကြက်ရေစမ်း၊ ပိန်းရေစမ်း စခန်းတွေနဲ့ မထုံးကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ထားပြီး နောက်ဆုံးလက်ကျန် နတ်ရေကန်ဗျူဟာကုန်းကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်က အမ်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အမ်းနဲ့ ထိစပ်မှုရှိနေတဲ့ မကွေးတိုင်းဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာပြီး စစ်ကောင်စီဘက်ကလည်း တပ်မ ၈၈၊ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကူပို့ထားပြီး ခုခံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ နတ်ရေကန်ဗျူဟာ မကျဆုံးစေဖို့ စစ်ကောင်စီက လေကြောင်းပစ်ကူကို အဓိကပေးပြီး ခုခံတိုက်ခိုက်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူနဲ့ အဓိကခုခံနေတယ်။ မြေပြင်စစ်ကြောင်းတွေကလည်း ကြားဖြတ်တိုက်ခိုက်ခံနေရတာကြောင့် ရှေ့မတိုးသာဖြစ်နေပြီး လေကြောင်းပစ်ကူ တခုတည်းကိုပဲ အဓိက အားထားနေကြရတာ ဖြစ်တယ်။”

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နဲ့ စေတုတ္တရာမြို့နယ်မှာ အမှတ် ၂၀ ကာကွယ်ပစ္စည်းစက်ရုံ (ကပစ-၂၀) တို့ တည်ရှိကြတာဖြစ်ပြီး စစ်ကောင်စီက အဲဒီစက်ရုံတွေ သိမ်းပိုက်ခံရမှာကိုလည်း အရမ်းစိုးရိမ်နေတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး လက်ရှိမှာ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူနဲ့ စစ်တွေတို့မှာလည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013