DVB Logo
Home
မြန်မာသတင်း
မိုးဗြဲကို ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
DVB
·
March 12, 2025
မိုးဗြဲကို ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
Donate to DVB

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်တွေနဲ့ PNO ပြည်သူ့စစ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာကြောင့် မိုးဗြဲ-ဖယ်ခုံဘက်မှာ နေ့စဥ် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

လက်ရှိ စစ်ကောင်စီတပ်တွေ လက်လွှတ်ထားရတဲ့ မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆိုမြို့တွေကို ပြန်ရယူဖို့နဲ့ တပ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းဖို့အတွက် အာရှလမ်းမကြီးပိုင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

ရှမ်းတောင် ဗျူဟာ(၁) ပြန်ကြားရေးတာ၀န်ခံက “ဒီအင်အားတွေကို သူတို့က ရောက်ပြီးတော့ ဒီးမော့ဆိုကို ပြန်လည်ထိန်းချုပ်မယ်၊ မိုးဗြဲကို ပြန်လည်ထိန်းချုပ်မယ်၊ လွိုင်ကော်မြို့ပတ်ချာလည်ကိုပေါ့နော်။ ဒီကရင်နီ (ကယားပြည်) လို့ ခေါ်တဲ့ ကျနော်တို့ တခုလုံးကို သူတို့က ပြန်လည်ထိန်းချုပ် ထိန်းကျောင်းမယ်၊ ယန္တရားတွေ ပြန်လည်ပတ်မယ်၊ တပ်တွေ ပြောင်းစရာရှိတာ ပြောင်းမယ်၊ လူတွေပြောင်းစရာရှိတာ ပြောင်းမယ်ဆိုတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်နဲ့ အသည်းအသန် ထိုးစစ်ဆင်နေတဲ့ အခြေအနေမှာရှိတာပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်စခန်းကနေလည်း လက်နက်ကြီး ပစ်ခတ်မှုတွေအပြင် အသေခံဒရုန်းတွေပါ သုံးလာတဲ့အတွက် နှစ်ဖက်အထိအခိုက် ကျဆုံးမှုတွေကလည်း ရှိနေပါတယ်။ 

မိုးဗြဲကို ရဖို့ မြေပြင်ကနေကော လေကြောင်းကနေပါ ထိုးစစ်ဆင်နေသလို ဘောလခဲဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။ 

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ထိုးစစ်တွေကြောင့် ဘောလခဲဘက်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို မော်ချီးဘက်မှာလည်း ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေကို သတိပေးထုတ်ပြန်ချက်တွေ ဒီလထဲ ထုတ်ပြန်ထားကြပါတယ်။

မော်ချီး ဒေသခံတယောက်က “ဒီမော်ချီးဘက်မှာတော့ တိုက်ပွဲဘာညာ မဖြစ်ဘူးပေါ့နော်။ ဘော်လခဲဘက်မှာတော့ တိုက်ပွဲဘာညာဖြစ်တယ်။ ဒီမော်ချီးမှာ ဟိုတနေ့က လေယာဥ်လာကြဲပြီးနောက်ပိုင်း သတိ၀ီရိယနဲ့နေခိုင်းတာတခုရယ်၊ ဗုံးခိုကျင်းတွေ ဘာတွေ တူးပြီးတော့ ကြိုတင်ပြင်ဆင်မှုလုပ်ခိုင်းတာပေါ့။ ပြည်သူတွေကတော့ တချို့ကတော့ အဆင်သင့်တူးထားပြီးသားတွေရှိတယ်၊ တချို့ကလည်း တူးနေတုန်းပဲပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက မိုးဗြဲ၊ ဖယ်ခုံဘက်ကို စစ်ကောင်စီတပ်တွေနဲ့ PNO ပြည်သူ့စစ်တပ်တွေ ပူးပေါင်းထိုးစစ်ဆင်နေတာဖြစ်ပြီး ၂ လကျော်အထိ စစ်ကောင်စီတပ်တွေ မိုးဗြဲကိုမရသေးပါဘူး။ 

တိုက်ပွဲတွေမှာ မိလာတဲ့ စစ်သုံ့ပန်းတွေကလည်း လက်တလောမှ စစ်သင်တန်းဆင်းလာတဲ့ လူငယ်နဲ့ လူကြီးပိုင်းတွေဖြစ်တဲ့အတွက် လက်နက်ချအလင်း၀င်ဖို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်တွန်းနှိုးဆော်နေပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013