DVB Logo
Home
မြန်မာသတင်း
ချောင်းသာကမ်းခြေ ဧည့်သည်အလာနည်းပြီး လက်လုပ်လက်စား မိသားစုများ စားဝတ်နေရေး အခက်ကြုံ
DVB
·
March 11, 2025
ချောင်းသာကမ်းခြေ ဧည့်သည်အလာနည်းပြီး လက်လုပ်လက်စား မိသားစုများ စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ဒေသတွင်းတိုက်ပွဲတွေကြောင့် တလကျော်လောက် ခရီးသွားတွေ မလာရောက်ခဲ့တဲ့အတွက် ချောင်းသာကမ်းခြေကို မှီခိုနေကြတဲ့ လက်လုပ်လက်စား မိသားစုတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ အဆိုးရွားဆုံး ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။

ချောင်းသာကမ်ခြေမှာ နွေရာသီကျောင်းပိတ်ချိန်မှာ ရပ်ဝေးဧည့်သည်တချို့ ပြန်လည်ဝင်ရောက်လာပေမဲ့ ၂ လနီးပါး ဧည့်သည်မဝင်ရောက်ခဲ့တဲ့အတွက် ကမ်းခြေကို မှီခို လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံနေကြရတာပါ။

ဒေသထွက်ကုန်ရောင်းချသူ အမျိုးသမီးတယောက်က “ဒီတပတ် စနေ၊ တနင်္ဂနွေ ဧည့်သည်လေး နည်းနည်းရှိတော့ တော်သေးတာပေါ့။ အခုဟာက ဟိုလတွေကဆို လုံးဝ တချို့ကလေးတွေဆိုရင် ငတ်တောင် ငတ်နေကြတယ်။ အဲလိုမျိုး။ ကမ်းခြေနဲ့ မှီခိုစားနေရတော့ ကမ်းခြေကြီးလည်း အဲလိုဖြစ်လည်းဖြစ်သွားရော တချို့တွေဆိုရင် အဲမှာ တနေရာတွေထွက်ပြီး အလုပ်တွေ ထွက်လုပ်ကြတာပေါ့။ နယ်တွေသွားကြ။ ကျန်တဲ့သူတွေက ငတ်ပေါ့။ ဒါမှန်သောစကားပြောတာ။ မနေ့ကမှ ဧည့်သည်လေးတက်လို့ ဆီလေးပြားလေး ထမင်းလေးဆန်လေး တွေ့ရတယ်။ နို့မို့ဆို ဒီနေ့ဆိုလေ  မလွယ်ဘူး။ ပြန်ဖွင့်တော့ နည်းနည်းနည်းနည်း လာနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်ခြားအနီး ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာကမ်းခြေနဲ့ အဝေးမှာရှိတဲ့ မကျီးဇင်ရွာမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ရဲ့ တိုက်ပွဲတွေကို ကမ်းခြေကနေ မြင်ရကြားရခဲ့ကြပါတယ်။

ဒါကြောင့် အဲဒီကမ်းခြေက Belle ဟိုတယ်နဲ့ နယူးချောင်းသာဟိုတယ်တို့က ဟိုတယ်ကိုပိတ်ပြီး စတင်ရွှေ့ပြောင်းရာကနေ ချောင်းသာဒေသခံတချို့ပါ ပြောင်းရွှေ့လာကြရာက ကမ်းခြေကို ဧည့်သည်မလာရောက်တော့ဘဲ ခြောက်သွေ့သွားတာ ဖြစ်ပါတယ်။

ချောင်းသာဒေသခံတယောက်က “Belle ဟိုတယ်က အရင်သိမ်းရော၊ Belle ဟိုတယ်က သိမ်းလည်းသိမ်းရော ရွာသားတွေက ကြောက်ပြီးတော့ ဟိုတယ်တွေတောင် သိမ်းသေးတာပဲ၊ ငါတို့လည်း ပြေးမယ်ဆိုပြီးတော့ ပြေးကြတာ။ အဘွားတို့က ပိုက်ဆံမရှိတော့ မပြေးဘူး။ နောက် ဒီဟိုတယ်တလုံးလည်း သိမ်းတယ်။ နယူးချောင်းသာ၊ အဲ့ဟိုတယ် ၂ လုံးသိမ်းလိုက်တာ တော်တော် ရုပ်ဆိုးပြီးတော့ ရွာသားတွေက ပြန်ကြတယ်။ အဘွားတို့က ပိုက်ဆံမရှိတော့ မပြန်ဘူး။ ဒါလေးတွေပဲ ရောင်းစားတယ်။ ပိုက်ဆံရှိတဲ့ လူတွေက အကုန်ပြေးတာ။ အကုန်ပြေးတော့ ဖုန်းတွေနဲ့ တင်ကြတော့ ဖုန်းတွေက နေရာအနှံ့ရောက်တော့ ဧည့်သည်တွေက ကြောက်ပြီးတော့ မလာကြတာ။ အခုထိကိုမလာတာ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးနဲ့ ကျိုက်ထိုအပြင် ရှမ်းပြည်တောင်ပိုင်းက ဧည့်သည်တချို့ ပြန်လည်ဝင်ရောက်လာကြပေမဲ့ ဘောကွင်းငှား၊ စက်ဘီးငှား၊ မြင်းငှား စတဲ့လုပ်ငန်းတွေကစလို့ အရောင်းအဝယ်လုပ်ငန်းက ဧည့်သည်နဲ့ ဈေးသည်မမျှဘဲ ဖြစ်နေပါတယ်။ မတ် ၇ ရက်နေ့မှာ ကျိုက်ထိုမြို့ကနေ ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်တဲ့ မိသားစုကတော့ ချောင်းသာကမ်းခြေ အခြေအနေကို ပြောပြပါတယ်။

“နှစ်ရက်ပေါ့၊ ၂ ရက်ရှိသွားပြီ။ နောက်လာလည်ချင်တဲ့သူတွေလည်း လာခဲ့ပေါ့။ အေးဆေးပါပဲ။ အဆင်ပြေတယ်။”

ကမ်းခြေကို ဧည့်သည်တွေ ပုံမှန်ရောက်မလာသေးတဲ့အတွက် ချောင်းသာကမ်းခြေအတွင်းက ဒေသခံတွေအပြင် မန်ကျည်းချောင်၊ အောင်ဆန်းနဲ့ အရင် ဇီးရိုးလို့ခေါ်ခဲ့တဲ့ ၃ ရပ်ကွက်မှာ အဝေးကလာရောက်ပြီး ကမ်းခြေကိုမှီခို၊ ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေတဲ့သူတွေမှာ ဆန်နဲ့ ဆီ အရေးပေါ်လိုအပ်နေပြီး လာရောက်လှူဒါန်းသူ တချို့တော့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အူကျနေတဲ့ ကလေးငယ်တယောက်ကိုလည်း ခွဲစိတ်ကုသဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

၂ လနီးပါး အလုပ်မရှိတော့တဲ့ အခြေအနေမှာ ဧည့်သည်တွေကို အောက်မေ့ သတိရ ဝမ်းနည်းမိတယ်လို့ ညပိုင်း ပုဇွန်ကင်၊ ဂဏာန်းကင် ရောင်းချသူ အမျိုးသမီးကြီးတယောက်က  ပြောပါတယ်။

“စားဝတ်နေရေး အခြေအနေက မကောင်းဘူးသမီး။ အရောင်းအဝယ်က ပါးတယ်။ ပါးတယ်ဆိုပေမဲ့ ကြီးကြီးကတော့ ရွာသားတွေကိုရောင်းတာ၊ ဘယ်လောက်မှတော့ မမြတ်ဘူး။ ကိုယ့်ဧည့်သည်တွေကို အောက်လည်းအောက်မေ့တယ်။ ဝမ်းလည်းဝမ်းနည်းတယ်။ အားလုံးကို အေးချမ်းပါစေပဲ ကြီးကြီးဆုတောင်းတယ်။”

ချောင်းသာကျေးရွာ ကမ်းရိုးတန်းတလျှောက်ရှိ လူနေအိမ်တွေနဲ့ အုန်းခြံတွေကို ပြီးခဲ့တဲ့ ၁၉၉၂-၉၃ ခုနှစ်မှာ ကမ်းခြေနဲ့ ဟိုတယ်ဇုန်ဖွင့်လှစ်ဖို့ စစ်အစိုးရက ငွေကြေးအနည်းငယ်ပေးပြီး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သိမ်းယူပြီးတဲ့နောက် ရေလုပ်ငန်းကလွဲလို့ ဝမ်းစာအတွက် အုန်းခြံတွေအပြင် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်စားစရာမရှိတော့ဘဲ အသက်မွေးလုပ်ငန်းပြောင်းပြီး ကမ်းခြေကို မှီခို လုပ်ကိုင်စားခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို တိုက်ပွဲသတင်းတွေကြောင့် ဟိုတယ်တွေ၊ မိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ဈေးနဲ့ တခြားဈေးဆိုင်တွေ ဖွင့်လှစ်ထားပေမဲ့ ဧည့်သည်တွေ ပုံမှန်ဝင်ရောက်လာတာ မရှိသေးတဲ့အတွက် ဒေသခံတွေမှာ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013