DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၊ မြို့ပေါ်တွင် ပေါ်တာဆွဲနေ
DVB
·
March 11, 2025
ဆင်ဖြူကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၊ မြို့ပေါ်တွင် ပေါ်တာဆွဲနေ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းဒေသကို စစ်ကြောင်းထိုးနေလို့‌ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စလင်းမြို့ပေါ်မှာ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

စလင်းအခြေစိုက် ခမရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်က ဆင်ဖြူကျွန်းတိုက်နယ်ကို မတ် ၇ ရက်ကစကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကြောင်းက ကျေးရွာတွေထဲ လှည့်လည်စစ်ကြောင်းထိုးနေတဲ့အတွက် ဆင်ဖြူကျွန်းနဲ့ တညောင်ကြားက ကျေးရွာ ၁၄ ရွာက ပြည်သူ ၈,၀၀၀ နီးပါး စစ်‌ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ ရွာပြင်တောစပ်တွေနဲ့ ဘုန်းကြီး‌‌ကျောင်းတွေမှာ ယာယီနေထိုင်နေကြရပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အကူအညီပေးနေသူတယောက်က “ရှောင်နေရတဲ့ရွာက ဂျဗင်းရွာနဲ့ ပတ်ပတ်လည် ဆိုရင်တော့ စုစုပေါင်း ၁၄ ရွာလောက်ရှိတယ်။ အိမ်ထောင်စုက ၁,၇၀၀ ‌ကျော်နဲ့ လူဦးရေ ၈,၀၀၀ လောက်ရှိတယ်။ ရွာအပြင်က တောတိုက်တွေထဲမှာ ရှောင်ကြတာပါ။ တောတိုက်တွေမှာ တချို့တွေကျတော့လည်း တဲတွေရှိတယ်။ တချို့တွေကျတော့လည်း ဒီမှာက အပူပိုင်းဆိုတော့ ဇီးပင်တွေရှိတယ်လေ၊ အဲဒီအရိပ်အောက်မှာ နေကြရတယ်။ တချို့လည်း ဘုရားစောင်းတန်းတွေမှာ နေကြရတယ်။ ဒါပေမဲ့ များသောအားဖြင့် သူတို့က ဘုရားကျောင်းကန်ကိုလည်း အဓိကထားပြီး ပစ်ကြတာဆိုတော့ ရဲရဲတင်းတင်း မ‌နေရဲကြဘူး။ စစ်ကြောင်းကတော့ ရှေ့ကိုမတိုးဘဲနဲ့ အဲဒီနားမှာရှိတဲ့ ကုန်းခြားတို့ ချောင်းသူနားက ဖောင်တော်ဦးတို့ လမ်းဘေးဝဲယာက တောင်တွေပေါ်မှာ ကင်းပုန်းတွေ ဝပ်နေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

စလင်းမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အတွက် လူငယ်အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မြို့နဲ့နီးတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ကားနဲ့လှည့်လာကာ အလုပ် လုပ်နေတဲ့သူတွေနဲ့ ဈေးသွား၊ ဈေးဝယ် လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ‌ဒေသခံတွေက‌ ပြောကြပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ငွေကျပ်သိန်း ၇၀ ကနေ သိန်း ၁၅၀ အကြားပေးကာ  ပြန်လည်ရွေးယူနေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

စလင်းမြို့ခံတယောက်က “အဓိကက သူတို့ ပတ်ပြီးတော့ ဆွဲတာ။ ပုံသေ တသတ်မတ်တည်းတော့ မရှိဘူးပေါ့နော့်။ တချို့ရွာတွေဘက်ထိတောင် ဆင်းပြီးဆွဲတာမျိုးရှိတယ်။ အဓိက မြို့ပေါ်တွေဆိုရင် လူသွားလူလာသွားတဲ့နေရာတွေကို ပိုပြီးတော့ ဆွဲတာများတယ်ဗျ။ ဥပမာ ဈေးလိုနေရာမျိုးတွေပေါ့။ သူတို့ဆွဲချင်တဲ့အချိန် ကောက်ဆွဲလိုက်တာပဲ။ ကျနော်တို့ ကြားသလောက်တော့ မကွေးကို တန်းပို့တယ်လို့ ကြားတယ်ဗျ။ မကွေးစုဆောင်းရေးကို တန်းပို့တယ်ကြားတယ်” လို့ ပြောပါတယ်။

စလင်းမြို့ပေါ်ရပ်ကွက်တွေနဲ့ စစ်ကောင်စီတပ် စိုးမိုးထားတဲ့ ကျေးရွာတွေမှာတော့ တအိမ်‌ထောင်ကို စစ်မှုထမ်းကြေး ၁ သောင်းကနေ ငွေကျပ် ၃ သောင်းကြား ပေးနေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းခဲ့ပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်ခဲ့တာ အပတ်စဉ် ၁၀ အထိ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013