
ကျောင်းသားတော်လှန်ရေးတပ်တော် (Student's Revolutionary Force - SRF) ရဲ့ ဒု-စစ်ရေးတာဝန်ခံ တယောက်ဟာ မတ်လ ၇ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီကနေ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ကျဆုံးသွားသူဟာ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ဒေသ ၂ ဒုစစ်ရေးတာဝန်ခံဖြစ်တဲ့ ဗိုလ်ကြီး အောင်မင်းသူ(ခေါ်)ရဲဘော်ဂြိုလ်မင်း ဖြစ်ပြီး မတ်လ ၇ ရက်က တိုက်ပွဲထဲမှာ ကျဆုံးခဲ့တာပါ။
မင်းကင်းမြို့နယ်ထဲက မအူကုန်းရွာမှာဖြစ်ခဲ့တဲ့ တိုက်ပွဲထဲမှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်လို့ SRF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကင်းက ပြောပါတယ်။
“အဲဒီနေ့က မင်းကင်းမြို့ပေါ်ကနေ မအူကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တဲ့အချိန်မှာ သူတို့ဘက်က ကင်းပုန်းနဲ့အရင်တွေ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒီမှာ ရဲဘော်ဂြိုလ်မင်းကို ရန်သူ့ကျည် ၂ ချက်ထိပြီး နေရာမှာပဲ ကျသွားခဲ့တာပါ။ ရဲဘော်ဂြိုလ်မင်းရဲ့ ရဲစွမ်းသတ္တိ၊ ပေးဆပ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ကျနော်တို့ တပ်ဖွဲ့ဝင် ရဲဘော်တွေအားလုံး သတိရနေမှာပါ။ သူ့ရဲ့တာဝန်တွေကိုလည်း စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ကျန်တဲ့ရဲဘော်တွေက ဆက်ပြီးတာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ SRF ရဲ့ တာဝန်ခံက DVB ကို ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဂြိုလ်မင်းရဲ့ ရုပ်အလောင်းကို ပြန်သယ်လာနိုင်ခဲ့ပြီး မတ် ၉ ရက်က စိုးမိုးနယ်မြေတခုမှာ ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်နိုင်ခဲ့ပြီး သူ့ရဲ့ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေစုပေါင်းပြီး တတ်နိုင်သလောက် ကူညီထောင်ပံ့ပေးခဲ့ပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရဲဘော်ထောင့်မကျိုး (ခ) ကိုဟိန်းမင်းခန့် ဟာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပခုက္ကူမြို့နယ်ထဲက ရေလာလေးပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။
Photo: SRF










