အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ မက္ကာမြို့တောင်ဘက်မှာ ဟူသီဒရုန်းတစင်းကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ပစ်ချခဲ့တယ်လို့ ဆော်ဒီအာရေဗျက ပြောပါတယ်။
မက္ကာမြို့ရဲ့ ပျံသန်းခွင့်တားမြစ်နယ်မြေထဲ ဒရုန်းမဝင်ခင် ဖျက်ဆီးခဲ့တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ ပြောခွင့်ရ တာကီ အယ်လ်မာလီကီက ပြောပါတယ်။
မက္ကာကို ပစ်မှတ်ထားတာဟာ “ရှက်ဖွယ်လုပ်ရပ်” ဖြစ်တယ်လို့လည်း မာလီကီက ရှုတ်ချပါတယ်။
ဒါပေမဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က မက္ကာကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။
“အထွတ်အမြတ်နေရာတွေကို ယီမင်ဘက်က ဘယ်လိုခြိမ်းခြောက်မှုမှ မရှိပါဘူး” လို့ ဟူသီ စစ်ဘက်ပြောခွင့်ရ ယာယာဆာရီယာက ပြောပါတယ်။
သူတို့ရဲ့ စစ်ဆင်ရေးတွေက ဆော်ဒီရဲ့ ရေနံလုပ်ငန်း အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကိုပဲ ပစ်မှတ်ထားတယ်လို့ ဆာရီယာက ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှု ၄၅၀ ကျော်ကို လက်တုံ့ပြန်ဖို့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံ ၅၇ နိုင်ငံပါ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကတော့ မက္ကာနဲ့ မဒီနာကို တိုက်ခိုက်တာဟာ လက်မခံနိုင်တဲ့ ကျူးလွန်မှု ဖြစ်တယ်လို့ ရှုတ်ချပါတယ်။
ဟူသီတွေက ပင်လယ်နီဝင်ပေါက်အနီး နယ်မြေတွေကို သိမ်းထားပြီး ဆော်ဒီသင်္ဘောတွေကို ပစ်မှတ်ထားမယ်လို့လည်း ကြေညာထားပါတယ်။
ယီမင်မှာ တိုက်ပွဲတွေကြောင့် လူ ၉၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ပြောပါတယ်။











