
နျူးကလီးယားလက်နက်တွေ မျှဝေသုံးစွဲရေးအတွက် ပြင်သစ်၊ ဗြိတိန်တို့နဲ့ ဆွေးနွေးလိုတယ်လို့ ဂျာမနီ အဓိပတိသစ် ဖြစ်လာတော့မယ့် ဖရိုင်းဒရစ်ဂျ် မာ့ဇ်က ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဥရောပတိုက်အတွက် အမေရိကန်ရဲ့ နျူးကလီးယား အကာအကွယ်နေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့လည်း မာ့ဇ်က ဖြည့်စွက်ပြောပါတယ်။
ဂျာမနီဟာ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့ အတိတ်ကြောင့် နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းရှိပေမဲ့ မထုတ်လုပ်ဖို့ သဘောတူစာချုပ်တွေ လက်မှတ်ထိုးထားပါတယ်။
ဒါပေမဲ့ NATO အဖွဲ့ရဲ့ နျူးကလီးယားလက်နက် မျှဝေရေး အစီအမံတွေမှာ ပါဝင်ခွင့်ရနေပါတယ်။ အမေရိကန် နျူးကလီးယားလက်နက် တချို့လည်း ဂျာမနီမှာ တပ်ဆင်ထားပါတယ်။
ဒါကြောင့် ဂျာမနီဟာ ကမ္ဘာမှာ စီးပွားရေးအင်အားအရ အမေရိကန်နဲ့ တရုတ်ပြီးရင် တတိယအင်အားအကြီးဆုံးဖြစ်သလို ဥရောပမှာ ဩဇာအကြီးဆုံးနိုင်ငံကြီး ဖြစ်ပေမဲ့ နျူလက်နက်နိုင်ငံ ဖြစ်မလာခဲ့တာပါ။
ဥရောပမှာ ရုရှားနဲ့အတူ ဗြိတိန်၊ ပြင်သစ်တို့က နျူလက်နက်နိုင်ငံတွေ ဖြစ်ကြပါတယ်။ မာ့ဇ်ရဲ့ ကွန်ဆာဗေးတစ်ဝါဒီ CDU/CSU ညီအမပါတီဟာ ဆိုရှယ်ဒီမိုကရက်ပါတီ (SPD) နဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ မူဘောင်တွေ သဘောတူအပြီး နောက်တနေ့ဖြစ်တဲ့ မတ် ၉ ရက်မှာ နျူးကလီးယားကိစ္စ ပြောခဲ့တာဖြစ်ပါတယ်။
ပြင်သစ်၊ ဗြိတိန်တို့နဲ့ နျူးကလီးယားလက်နက်တွေ မျှဝေခြင်းအားဖြင့် အရန်အတား ပိုအားကောင်းလာမှာဖြစ်ပေမဲ့ အမေရိကန်ရဲ့ နျူးကလီးယားဒိုင်းကို ဖြည့်စွက်တဲ့ အမြင်မျိုးနဲ့သာ ဆောင်ရွက်မှာဖြစ်တယ်လို့ မာ့ဇ်က ပြောပါတယ်။
Source : Reuters