
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေတို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်လာတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီတပ်က အရင်က ဗုံးချတဲ့ဒရုန်းတွေ သုံးပြီး တိုက်ခိုက်ပေမဲ့ မနေ့ကစပြီး ကာမီကာဇေ (အသေခံ) ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်လာကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကာကင်းတချို့ လက်လွှတ်ထားရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဝေလက DVB ကို ပြောပါတယ်။
“တချို့ကာကင်း၊ ကင်းပေါက်တွေက ကျနော်တို့ လက်လွှတ်လိုက်ရတာတွေ ရှိပါတယ်။ စစ်ကောင်စီဘက်က ထပ်ပြီး စစ်ရေးအရှိန်တင်နေတယ်။ အရင်က ချဒရုန်းသုံးနေပေမဲ့ အခု suicide ဒရုန်းတွေ သုံးလာနေပါတယ်။”
စစ်ကောင်စီဘက်က မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မြို့ကို လက်မလွှတ်ရရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေက အစွမ်းကုန် ခုခံတိုက်ခိုက်နေပါတယ်။
တဖက်မှာလည်း ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာလည်း ကျဆုံးမှုတချို့ ရှိနေပြီး ဆေးဝါးပစ္စည်းတွေနဲ့ စစ်အသုံးအဆောင် အထောက်အကူတွေ လိုအပ်ချက်ရှိနေတယ်လို့ MPDF က ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက်ကလည်း ဒီးမော့ဆိုအနောက်ခြမ်း တနေရာကို စစ်ကောင်စီက ကာမီကာဇေ (အသေခံ) ဒရုန်း ၂ စီး အသုံးပြု တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းတခုအနီး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။