Home
ဆောင်းပါး
သောမ-ဘောမ နဲ့ အောချစရာ ဒဏ္ဍာရီလာ ဘာသာရေး ဂျင်းသမိုင်းများ
DVB
·
March 9, 2025

ဒီကနေ့ မြန်မာနိုင်ငံကို စစ်မီးတောက်ကြီးထဲ တက်ညီလက်ညီ တွန်းချခဲ့ကြတဲ့ ဆရာ ဒါယကာ တစုံကတော့ အများပြည်သူတွေ သိကြတဲ့အတိုင်း အုပ်ချုပ်သူအစိုးရအထက် နေချင်တဲ့ သာသနာပိုင်ရူး သီတဂူဘုန်းကြီးနဲ့ ဘုရင်ရူး မင်းအောင်လှိုင်တို့ အတွဲပါပဲ။ သူတို့နှစ်ယောက်လုံးဟာ ဘုရားမဟောတဲ့ ဇာတ်တော်တွေနဲ့ ဖြတ်ညှပ်ကပ် လိမ်ညာပြီး သူတို့လိုဘနဲ့ မတရားရယူထားတဲ့ အာဏာကို တည်တံ့ခိုင်မြဲဖို့ ပြည်တွင်းမှာသာမက နိုင်ငံတကာအထိပါ လိမ်ညာချင်း(ဂျင်း)သွင်းခဲ့ကြ၊ ဒဏ္ဍာရီချင်း(ဂျင်း)သမိုင်းတွေ ဖန်တီးလို့ မှိုင်းတိုက်နေကြဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က စစ်ရှုံးဘုရင်ရူး မင်းအောင်လှိုင်ဟာ ပူတင်ဘောမဖို့ ရုရှားပြည် ကရင်မလင်နန်းတော်ကို သွားခဲ့ပြီး သူ့ရဲ့မိစ္ဆာသက်ဆက်နိုင်ဖို့ အကူအညီရယူနိုင်အောင် မကောင်းဆိုးဝါး အာဏာရှင် ဗလာဒီမာပူတင်နဲ့ သူ့အကြား မဟာမိတ်ဆက်ဆံရေးကို ဗုဒ္ဓမြတ်စွာဘုရားရှင်က ဗျာဒိတ်ပေးခဲ့တယ်လို့ ပြောဆိုခဲ့တာမို့ ယိုသူမရှက် မြင်သူရှက် ဆိုသလို တနိုင်ငံလုံး အောချလို့ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ရပါတယ်။

ဘုရားဟောလည်းမဟုတ်၊ ပိဋကတ် ၃ ပုံထဲလည်းမပါ၊ အဌကထာ ဋီကာတွေထဲလည်းမရှိ၊ ဘုရားရှင် နှုတ်ကပတ်တော်လည်း မဟုတ်တဲ့ ဘာသာရေးချင်း(ဂျင်း)စာအုပ်တခုကို ကိုးကားပြီး ကမ္ဘာ့အာဏာရှင်လူဆိုးကို သောမကြွက်မင်း ဝင်စားတဲ့ လက်နက်အတတ်ပညာတွင် တဖက်ကမ်းခတ်ပြီး အတုမရှိတဲ့ လက်နက်ဝိဇ္ဇာ ဧကရာဇ်တပါးလို့ အရှက်မရှိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကပ်ဖားရပ်ဖား လုပ်ပြီး နိုင်ငံတကာအဆင့်ထိ တက်လှမ်း ချင်း(ဂျင်း)သွင်းခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ သူ့ကိုယ်သူလည်း အရှက်မရှိ မပရန္တတိုင်းရှင် မြန်မာဘုရင်တပါးအဖြစ် တင်စားပြီး ရူးသွပ်နိုင်ဖို့ စစ်သတ္တဝါဆိုး မင်းအောင်လှိုင်နဲ့ နောက်တော်ပါ စစ်ကျွန်တသိုက်ဟာ ဘာသာရေးချင်း(ဂျင်း) အကြီးကြီးထည့်ဖို့ ၂၀၂၁ ခုနှစ် အာဏာလုယူခဲ့တာ မအောင်မြင်ဘဲ နိုင်ငံတဝန်းက တိုင်းရင်းသားပြည်သူလူထု အများစု လက်မခံခဲ့ဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်တာကို ခံရစဉ်ကစလို့ ကြိုတင်ကြံစည် ပြင်ဆင်ခဲ့ကြပါတယ်။

စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တွေကပါ တညီတညာတည်း ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြပြီး NUG အစိုးရနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တော် ပေါ်ထွန်းလာတာမို့ ပြည်တွင်းစစ်ရဲ့ အရပ်မျက်နှာပေါင်းစုံမှာ အရေးနိမ်ခဲ့ရတာမို့ ပြည်ပအကူအညီ မဟာမိတ်ရယူဖို့ ရုရှားနိုင်ငံကို ဦးတည် ချင်း(ဂျင်း)ထည့်နိုင်အောင် ကြိုတင်စီစဉ်ခဲ့ကြပါတယ်။

မြဝတီ Web Portal Admin က သူတို့ရဲ့ စစ်ဝါဒဖြန့် မှိုင်းတိုက် အင်တာနက် အွန်လိုင်းစာမျက်နှာ‌ပေါ် “မြန်မာ့ပဒေသရာဇ် ခေတ်နှောင်းကာလ နယ်ချဲ့ကိုလိုနီစနစ်အား တွန်းလှန်ရန် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တည်ထောင်ရေး ကြိုးပမ်းခဲ့မှုများ” ဆိုတဲ့ဆောင်းပါးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျရောက်သော မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ၇၅ နှစ်မြောက် စိန်ရတု နေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုတယ်ဆိုပြီး ၀၂/၀၃/၂၀၂၃ ရက်နေ့ ၁၀ နာရီ ၂၃ မိနစ်မှာ ချင်း(ဂျင်း)ဆောင်းပါးကို တင်ခဲ့ပါတယ်။

အဲဒီဆောင်းပါးထဲက စစ်ဘောမတွေ ဖြတ်ညှပ်ကပ် ပြင်ဆင်ထားတဲ့ ဒဏ္ဍာရီလာ ဘာသာရေးချင်း(ဂျင်း) အချက်အလက်တွေကို ဘုရင်ရူးမင်းအောင်လှိုင်က ကြွက်မင်း သောမ ပူတင်ကို သောက်ရှက်မရှိ မျောက်ခွက်ငပိနဲ့ ဖတ်ပြသွားတာပါပဲ။

တကယ်တော့ စစ်ဘောမတွေကိုးကားတဲ့ ရှေးကျမ်းဂန် အထောက်အထားဆိုတဲ့  မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီးဦးစော ရေးထားတဲ့ ဦးအောင်ဇေယျ အတ္ထုပ္ပတ္တိ စာအုပ်ဆိုတာဟာ ၁၈၃၈ ခုနှစ် ရေးသားထုတ်ဝေခဲ့တာမို့ ၁၈၇ နှစ်သာ သက်တမ်းရှိပါသေးတယ်။

အဲဒီကာလတုန်းက မြန်မာနိုင်ငံဟာ လက်နက်ချင်း မယှဉ်သာဘဲ ဗြိတိသျှကိုလိုနီနယ်ချဲ့ တိုင်းတပါးအောက် တစိတ်တပိုင်း ကျွန်ပြုခံနေရတာမို့ ဘာသာချစ်စိတ် မျိုးချစ်စိတ်ကို ခံစား အခြေခံပြီး နယ်ချဲ့ရန် တိုက်ထုတ်ရာမှာ လက်နက်အကူအညီရဖို့ မဟာမိတ်ရှာဖို့ ကြိုးပမ်းနေကြစဉ်ကာလ ဖြစ်တာမို့ အုပ်စိုးသူ မြန်မာဘုရင်တွေ အကြိုက်လည်းဖြစ်အောင်၊ ဘာသာရေးနဲ့ ပတ်သက်ရင် ထိရှလွယ်၊ ယုံလွယ်တတ်တဲ့ မြန်မာပြည်သူတွေကို ချင်း(ဂျင်း)ထည့်စည်းရုံးဖို့ ရည်ရွယ်ပြီး မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်သုံးပုံမှာရော၊ ပထမအကျယ် ဖွင့်ဆိုထားတဲ့ အဌကထာတွေထဲလည်း မပါ၊ ဒုတိယအကျယ်ဖွင့်ဆိုထားတဲ့ ဋီကာတွေထဲလည်း မပါတဲ့ တီထွင်ဖန်တီးရေးသားခဲ့တဲ့ ဒဏ္ဍာရီလာ ဘာသာရေးချင်း(ဂျင်း) သမိုင်းစာအုပ်သာ ဖြစ်ပါတယ်။

သမိုင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ ပြည်သူအများစု လေးစားအသိအမှတ်ပြုခံရတဲ့ နာမည်ကျော် သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း စွဲကိုင်ခဲ့တဲ့ စံမူဘောင်တွေ ရှိပါတယ်။

- အထောက်အထားမရှိရင် သမိုင်းမဟုတ်။

- ဒဏ္ဍာရီဟာ သမိုင်းမဟုတ်။

- မျိုးချစ်စိတ်ဖြင့်ရေးရင် သမိုင်းဟာ ဓမ္မဓိဋ္ဌာန်ကျ မဖြစ်နိုင်။

- အမုန်းတရား၊ အငြိုးတရားဖြင့် သမိုင်းရေးရင်လည်း သမိုင်းမှန် မဖြစ်နိုင် ဆိုတာတွေဟာ အထူးမှတ်သားဆင်ခြင်စရာ ဖြစ်ပါတယ်။

တကယ်တော့ စစ်သတ္တဝါဆိုး ဘုရင်ရူးမင်းအောင်လှိုင်က အခုလို နိုင်ငံတကာအထိ ဖြတ်ညှပ်ကပ် ဒဏ္ဍာရီလာ ဘာသာရေးချင်း(ဂျင်း)သမိုင်း မထည့်ခင် သူ့အရင်မှာ သူကိုးကွယ်အားထားရာ ဆရာလည်းဖြစ်၊ အုပ်ချုပ်သူအစိုးရအထက် နေချင်တဲ့ သာသနာပိုင်အရူး သီတဂူဘုန်းကြီးကလည်း တပ်တွင်းတရားပွဲတခုမှာ သီရိလင်္ကာနိုင်ငံက ဒုဠဂါမဏိမင်းကြီးဟာ ကျေးကုလား ၅ သိန်းကို သတ်လိုက်ပေမဲ့ အဲဒီအသတ်ခံရတဲ့ ၅ သိန်းထဲမှာ ငါးပါးသီလလုံတဲ့သူဆိုလို့ နှစ်ယောက်နဲ့တပိုင်းပဲ ရှိတယ်ဆိုတဲ့ လိုရာဆွဲ ချင်း(ဂျင်း)ဘာသာရေးတရားဟောပြီး စစ်အာဏာရှင်သစ္စာခံ ဓားပြတွေကို  အမျိုးဘာသာ သာသနာအတွက် ကာကွယ်ပေးနေတာပါလို့ ခုတုံးလုပ် ဘန်းပြထားတဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့သူမှန်သမျှကို လက်ရဲဇက်ရဲ သတ်ရဲလာအောင် သွေးထိုးလှုံ့ဆော် ချင်း(ဂျင်း)သွင်း မှိုင်းတိုက်ခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရမယ်ဆိုရင် ကဏ္ဍအသီးသီး စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်နေတဲ့ စစ်ရှုံးကောင် ဘုရင်ရူးမင်းအောင်လှိုင်ဟာ သူ မလုပ်ရဲတာ ဘာမှမရှိဘူး၊ သူ့မှာ ရှက်တတ်တာ ဘာမှမရှိဘူးဆိုတာ သက်သေပြလိုက်သလို မြတ်စွာဘုရားဟောခဲ့တာ မဟုတ်တဲ့ ဗျာဒိတ်အတုကြီးကို ကမ္ဘာပုံအလယ်ထိ မျက်နှာပြောင်တိုက်ပြီး ဗရုတ်သုတ်ခ ဒဏ္ဍာရီလာ ဘာသာရေးချင်း(ဂျင်း)သမိုင်းကို ရုရှားအာဏာရှင် ပူတင်ကို ဗုဒ္ဓဗျာဒိတ်တော်လာ ကြွက်မင်းလို့ မျက်နှာလိုအားရ ဘောမခဲ့တာဟာ မြင်သူကြားသူတိုင်း စက်ဆုပ်ရွံရှာ အောချစရာ ဖြစ်ခဲ့ပါတော့တယ်။

မကောင်းတဲ့ဘက်မှာ ဆရာဒကာ ညီညွတ်ကြတဲ့ သီတဂူဘုန်းကြီးနဲ့ ဘုရင်ရူးမင်းအောင်လှိုင်တို့ဟာ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို လူသတ်ပြီး ငရဲမရောက်ဘူးဆိုတဲ့ ဒုဠဂါမဏိမင်း တပ်တွင်းချင်း(ဂျင်း)တရားရယ်၊ ဗျာဒိတ်တော်လာ ကြွက်မင်း သောမ ပူတင်နဲ့ အပရန္တတိုင်းရှင် ဘုရင်ရူးဘောမတို့ရဲ့ ဖြတ်ညှပ်ကပ်ဒဏ္ဍာရီလာ ဘာသာရေးချင်း(ဂျင်း)သမိုင်းတွေကတော့ မသတီစရာ အောချစရာသမိုင်း ဖြစ်ခဲ့ရပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024