
အဓမ္မ စစ်သားအဖြစ် စုဆောင်းခံခဲ့ရသူတယောက်ဟာ မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ မတ် ၇ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။
မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတယောက်ဟာ မတ် ၇ ရက်နေ့မှာ မင်းဘူးခရိုင်တပ်ရင်း ၂ ကိုဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ တာလဘော က DVB ကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားဟာ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် MA1 သေနတ် ၁ လက်၊ ကျည် ၉၆ တောင့် အပါအဝင် တခြား စစ်အသုံးဆောင်ပစ္စည်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်လို့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင် တပ်ရင်း ၂ အနေနဲ့ ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုနေပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာသူတွေကိုလည်း ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးနေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူတွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၃၀,၀၀၀ နီးပါးရှိနေပြီလို့ သိရပါတယ်။