
ချန်ပီယံဖြစ်ချင်တဲ့ အသင်းတသင်းအနေနဲ့ စွမ်းဆောင်ရည်မကောင်းတဲ့ ပွဲစဉ်တွေမှာလည်း နိုင်ပွဲရအောင် ကစားနိုင်ဖို့ လိုအပ်ကြောင်း လီဗာပူးတိုက်စစ်ကစားသမား မိုဆာလာက ပြောသွားပါတယ်။
ဆာလာဟာ ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးထပ်သွင်းနိုင်ခဲ့ပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည် အကောင်းဆုံးပုံစံမှာ ရှိမနေကြောင်း သုံးသပ်ခဲ့တာပါ။
ပထမပိုင်းမှာ ပုံစံကောင်းပြသနိုင်ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းရောက်မှ အနည်းငယ် ပိုကောင်းလာခဲ့ကြောင်း၊ တပွဲလုံးရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုမရှိပေမဲ့ ချန်ပီယံဖြစ်ချင်တဲ့ အသင်းတသင်းဟာ ဒီလိုပွဲစဉ်တွေကို အနိုင်ရဖို့လိုအပ်ကြောင်း ဆာလာကပြောပါတယ်။
လီဗာပူးအသင်းအနေနဲ့ အတွေ့အကြုံရှိပြီးသားအသင်း ဖြစ်တာကြောင့် အနိုင်ရနေချိန်မှာ ဘယ်လို ကစားရမလဲဆိုတာကို သိရှိပြီး အဲဒီလိုစွမ်းဆောင်နိုင်ခဲ့မှုအပေါ် ကျေနပ်ကြောင်း ဆာလာက ပြောသွားပါတယ်။