
ယူကရိန်းက ရုရှားထက်ပိုပြီး သဘောတူညီမှုရဖို့ ပိုခက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီမှုရအောင် ကြိုးစားနေ တာဖြစ်ပြီး မတ် ၇ ရက်နေ့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့တွေ့ချိန် ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။
“ပွင့်ပွင့်လင်းလင်းပြောရရင် ယူကရိန်းနဲ့ သဘောတူညီမှုရဖို့ ပိုပြီး ခက်ပါတယ်။ သူတို့မှာ နိုင်ဖဲလည်း မရှိပါဘူး” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ပ်ဟာ ယူကရိန်းကို စစ်သတင်းအချက်လက် မျှဝေတာကိုရပ်ဆိုင်းခဲ့သလို စစ်ရေး အကူအညီပေးတာတွေ ရပ်တန့်ပြီးတဲ့နောက်ပိုင်း သောကြာနေ့ အစောပိုင်းမှာ ရုရှားကို ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မြှင့်တင်မဲ့ အလားအလာတွေရှိနေပါတယ်။
ဒါ့ကြောင့် ရုရှားနဲ့ ယူကရိန်းတို့ ၂ နိုင်ငံစလုံး ငြိမ်းချမ်းရေးရဖို့ ညှိနှိုင်းရမှာဖြစ်ပြီး ရုရှား-ယူကရိန်းစစ်ပွဲသာ အဆုံးသတ်မယ်ဆိုရင် အမေရိကန်ဟာ ရုရှားကို စီးပွားရေးနဲ့ သံတမာန်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးဖွယ်ရာရှိတယ်။
အမေရိကန်ဟာ ဇလန်းစကီးနဲ့ သတ္တုတူးဖော်ရေးစာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေသလို ဇလန်းစကီး ကိုယ်တိုင်ကလည်း စာချုပ်မှာ ယူကရိန်းရဲ့လုံခြုံရေးကိုအာမခံပေးမှသာ သဘောတူဖို့ ပြောဆိုထားခဲ့ပါတယ်။
ထရမ့်ပ်က ယူကရိန်းရဲ့ လုံခြုံရေးအာမခံမှုက နောက်ပိုင်းမှာ ဆွေးနွေးလို့ရကြောင်းနဲ့ အဲဒီအချက်က လွယ်ကူတဲ့အကြောင်း သောကြာနေ့က ပြောခဲ့ပါတယ်။
လာမဲ့အပတ်မှာ ထရမ့်ပ်ရဲ့ ထိပ်တန်းအရာရှိတွေဟာ ဆော်ဒီအာရေဗျကိုသွားပြီး ဇလန်းစကီးရဲ့ အဖွဲ့နဲ့တွေ့မှာဖြစ်ပါတယ်။
ဇယ်လန်းစကီးကတော့ ဒီတွေ့ဆုံမှုဟာ အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးမှုဖြစ်ဖို့ မျှော်လင့်ကြောင်းနဲ့ ယူကရိန်းနိုင်ငံဟာ ဖြစ်နိုင်သမျှအမြန်ဆုံး ငြိမ်းချမ်းရေးရဖို့အသင့်ရှိတယ်လို့ သောကြာနေ့က ပြောထားပါတယ်။
Source:Reuters