
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာရှင်နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ကို ရောက်ရှိနေပြီး ဘယ်လာရုစ်-မြန်မာ စီးပွားရေး ဖိုရမ်ကို တက်ရောက်နေတဲ့အကြောင်း ဘယ်လာရုစ်အခြေစိုက် Belarus News သတင်းမှာ ဖော်ပြပါတယ်။
ဒီဖိုရမ်မှာတော့ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ယူရီ ရှူလေးကိုနဲ့ မြန်မာစစ်ခေါင်း ဆောင်တို့က ဖိုရမ် တက်ရောက်လာသူတွေကို ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောခဲ့ သလို အထည်အလိပ်လုပ်ငန်း၊ လက်ဝတ်ရတနာ၊ ခရီးသွားလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေဆွေးနွေးသွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးမယ်လို့လည်း ဆိုပါတယ်။
ဖိုရမ်မတိုင်ခင် ဘီလာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီးပွားရေး ဆက်ဆံရေးမြှင့်တင်ဖို့ စိတ်ဝင်စားတဲ့အကြောင်း ပြောလိုက်သလို ဘယ်လ်လာရုစ်နိုင်ငံဟာ စက်ကိရိယာတွေ တည်ဆောက်တဲ့ နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနိုင်ငံလည်း ဖြစ်တာကြောင့် ကဏ္ဍစုံမှာ မြန်မာနဲ့ အပြန်အလှန် အကျိုးပြုနိုင်တဲ့ နယ်ပယ်တွေ အများကြီးရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့၊ အဓိကအားဖြင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ဘီလာရုစ်နိုင်ငံ ခရီးစဉ်ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ ပြောပါ တယ်။
ဒါ့အပြင် ဘယ်လာရုစ်နဲ့ ပို့ကုန်ဆိုင်ရာ စာချုပ်တွေ လက်မှတ်ထိုးတာဟာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကြောင်း သက်သေထူနေတာဖြစ်ပြီး လယ်ထွန်စက်တွေ၊ မြေသြဇာတွေ၊ ဆေးဝါးပစ္စည်းနဲ့ တခြားကုန်ပစ္စည်းတွေ ဝယ်ယူလိုကြောင်း ပြောကြားခဲ့သလို မြန်မာနိုင်ငံမှာ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ စက်ရုံတွေ လာဆောက်ခွင့်ပေးဖို့ပါ စဉ်းစားနေတဲ့အကြောင်း ပြောလိုက်တာပါ။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအာဘော်သတင်းတွေမှာ အသေးစိတ် ဖော်ပြထားတာ မတွေ့ရသေးသလို မြန်မာစစ်ခေါင်းဆောင်ဟာ ဘယ်လာရုစ်နိုင်ငံမှာ ဘယ် လောက်ကြာ လည်ပတ်မယ်ဆိုတာကိုလည်း မသိရပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မက်ခ်ဇင်ရိုင်ဇန်ကော့ဗ်နဲ့ နေပြည်တော်မှာတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါသေးတယ်။
စစ်အုပ်စုအာဘော် နိုင်ငံပိုင်သတင်းတွေမှာတော့ အဆိုပါတွေ့ဆုံပွဲကို စစ်ကောင်စီ ထိပ်ပိုင်းရာထူးတွေ ယူထားကြတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစောတို့နဲ့အတူ စစ်ကောင်စီခန့် ဝန်ကြီးတွေ တက်ရောက်ခဲ့တဲ့အကြောင်းဖော်ပြထားခဲ့ပြီး ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ အပါအဝင် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။











