
ချင်းတော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ ပေါင်းနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမှ တပ်ပိုင်းဆိုင်ရာ ပူးပေါင်းနိုင်ရေး ကိစ္စတွေ ဆွေးနွေးနိုင်မယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
လက်ရှိမှာတော့ ချင်းတော်လှန်ရေး ၂ ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းလန်းကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို ဖျက်ပြီး ချင်းပြည်နယ်မှာ နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ ချင်းအမျိုးသားကောင်စီ တဖွဲ့တည်းကိုသာ ဖွဲ့စည်းဖို့ အဲဒီအစုအဖွဲ့ ၂ ဖွဲ့လုံးက မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာလို့ ဖေဖော်ဝါရီ ၂၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ ချင်းတော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းနိုင်ဖို့ ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းဖို့ တခုတည်းသာ သဘောတူညီထားတာဖြစ်ပြီး နှစ်ဖက်လိုက်နာနိုင်မယ့် အချက်တွေ၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အဲဒီကနေ တဆင့်ချင်း ယုံကြည်မှုတွေ ရယူပြီး တက်လှမ်းဖို့ လိုပါမယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေကြား သဘောထားမတူညီမှုတွေကြောင့် စစ်ရေးအရ ထိတွေ့မှုတွေ ရှိနေသလို နိုင်ငံရေးအရ သဘောထားမတူညီမှုတွေကို တွေ့ဆုံဖြေရှင်းပြီး အာဏာရှင်စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ကြဖို့ ချင်းလူထုကြား တောင်းဆိုမှုတွေ ရှိလာတာကြောင့် အခုလို ပူးပေါင်းအဖြေရှာကြတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်တပြည်နယ်လုံးမှာ မြို့ပေါင်း ၂၀ ရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ ၁၆ မြို့အထိ သိမ်းပိုက်ထားပြီးဖြစ်သလို ချင်းတပြည်နယ်လုံးကို စစ်ရေးအရ ကွပ်ကဲနေတဲ့ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးအပြင် ထန်တလန်၊ တီးတိန်နဲ့ ဖလမ်းမြို့တို့မှာပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားက လည်ပတ်နေတာဖြစ်ပါတယ်။