
အာဆင်နယ်နည်းပြ မီခေးလ် အာတေတာက လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ မာတင် ဇူဘီမန်ဒီနဲ့ ဟင်ကာပီတို့ ဒဏ်ရာရသွားကြောင်း အတည်ပြုလိုက်ပါတယ်။
သူတို့ဟာ လိဒ်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီး ပွဲထွက်ခွင့်နည်းခဲ့တဲ့ ကစားသမားတွေအတွက် ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ ဒဏ်ရာရရှိခဲ့တာပါ။
အာတေတာက အဲဒီ မတော်တဆဖြစ်ရပ်နှစ်ခုဟာ သူ့ရဲ့ ၇ နှစ်တာ နည်းပြဘဝအတွင်း မကြုံဖူးတဲ့ ဖြစ်ရပ်ဆိုး ဖြစ်ကြောင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပြီးမှသာ အနားယူရမဲ့ အချိန်ကာလကို သိရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလို ဒဏ်ရာရရှိမှုတွေကြောင့် လိုင်လီနဲ့ပွဲမှာ အဓိက ကစားသမားတွေကို အလှည့်ကျ အနားပေးဖို့ ပြင်ဆင်ထားတဲ့ အာတေတာရဲ့ အစီအစဉ်တွေ အခက်တွေ့သွားခဲ့ရတာပါ။
ဟင်ကာပီရဲ့ ဒဏ်ရာကြောင့် ကာလာဖီယိုရီ အနေနဲ့ ဘယ်နောက်ခံလူနေရာမှာ ဆက်လက် ပွဲထွက်ရဖွယ် ရှိနေပါတယ်။











