
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်မှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်နေစဥ် ဓာတ်ဆီနဲ့ပက် မီးရှို့ခံရလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတဲ့ ဆယ်အိမ်မှူး ဒေါ်နှင်းသီတာ မတ် ၂ ရက်မှာ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓာတ်ဆီနဲ့ ပက် မီးရှို့ခံရလို့ မီးလောင်ဒဏ်ရာရရှိသူ ၃ ယောက်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဥ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ရာအိမ်မှူး သေဆုံးခဲ့ပြီး မတ်လ ၂ ရက်မှာ ဆယ်အိမ်မှူး ထပ်မံသေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
"ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၅ ရက်ပဲကွာတယ်။ ၂၆ ရက်နေ့က ဦးအောင်မိုးဆုံးတယ်။ ၂ ရက်နေ့မှာ ဒေါ်နှင်းသီတာဆုံးတယ်။ ရုံးအကူကောင်မလေးလည်း ဆေးရုံမှာပဲ။”
ရန်ကုန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဥ် ရာအိမ်မှူး ဦးအောင်မိုးနဲ့ ဆယ်အိမ်မှူး ဒေါ်နှင်းသီတာတို့ သေဆုံးခဲ့ပြီး ရုံးအကူ မစန်းဝေကျော်ကတော့ ဒဏ်ရာတွေ သက်သာလာလို့ မတ် ၁ ရက်မှာ ဆေးရုံကနေ ဆင်းသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
"ရုံးအကူကောင်မလေးက ဆေးရုံက ဆင်းလာပြီ၊ သူကဒဏ်ရာရတာနည်းတယ်။ လူက နှစ်ယောက်သေသွားပြီ။ အခုချိန်ထိ ဓာတ်ဆီနဲ့ပက် မီးရှို့သွားတဲ့သူကို မမိသေးဘူး။”
ဒေါပုံမြို့နယ် ကြည်စုရပ်ကွက် ဓမ္မရိပ်သာလမ်းသွယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ကို နောက်ကနေ အမျိုးသားတယောက်က ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။










