DVB Logo
Home
မြန်မာသတင်း
မြန်မာပဋိပက္ခကြောင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း မပြီးစီးနိုင်
DVB
·
February 26, 2025
မြန်မာပဋိပက္ခကြောင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း မပြီးစီးနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယ- မြန်မာ-ထိုင်း အဝေးပြေးလမ်းမ စီမံကိန်းဟာ မပြီးစီးနိုင်ဖြစ်နေတယ်လို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာက ပြောတဲ့အကြောင်း Hindustan Times သတင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြပါတယ်။

ဂူဝါဟတီမြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ၂၀၂၅ ခုနှစ် ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ခုလိုပြောလိုက်တာပါ။

ဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာက “တကယ်အစစ်အမှန် ပြောင်းလဲဖို့က အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ပြီးစီးသွားဖို့ပါ။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ကျနော်တို့ အရမ်းအရေးကြီးတဲ့ အရာတခုကို ပိတ်ဆို့ဖို့ ဒါကို  ခွင့်မပြုနိုင်ပါဘူး။ ဒီတိုးတက်မှုကို သေချာစေဖို့အတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေ ရှာဖွေရပါမယ်”လို့ ပြောပါတယ်။

ကီလိုမီတာ ၁၄၀၀ ရှည်လျားတဲ့ အဆိုပါ အဝေးပြေးလမ်းမကြီးဟာ ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်  နိုင်ငံရေးအပြောင်းအလဲတွေကြောင့် နေရာအများအပြားမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ လည်း သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက “စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ဒေါ်လာ ၄ ဒသမ ၂၅ ထရီလီယံရှိပြီး အိန္ဒိယလူဦးရေ ထက်ဝက်လောက် ပမာဏ ဖြစ်တဲ့ လူဦးရေ သန်း ၇၀၀ နီးပါးရှိတဲ့ အရှေ့တောင် အာရှဟာ ကြီးမားတဲ့ အကျိုး ဆက်ရဲ့ မိတ်ဖက်ဖြစ်လာမှာဖြစ်သလို သာယာဝပြောရေးနဲ့ တိုးတက်ရေးခရီးလမ်းမှာ အပြန်အလှန် ဖေးမကူညီနိုင်မှာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးကိုတော့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ကနေ မြန်မာနိုင်ငံ၊ အဲဒီကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆီ ဆက်သွယ်ဖောက်လုပ်နေတာ ဖြစ်ပြီးတော့ ဒီအဝေးပြေးလမ်းမကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ဖို့ အိန္ဒိယအစိုးရက စီမံကိန်း ချခဲ့ပေမယ့် နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး အမြန်ဆုံး အပြီးသတ်တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ ကြိုးစားသင့်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်း ပြောကြားခဲ့ဖူးပါတယ်။

Source: Hindustan Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013